ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂ ရက်

အိန္ဒိယနိုင်ငံရဲ့ မဲဆန္ဒရှင်စာရင်း ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး အတိုက်အခံပါတီတွေက မကျေမနပ် ဖြစ်နေကြချိန် မြို့တော် နယူးဒေလီမှာ တနင်္ဂနွေနေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ရာထူးမှနှုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ လူထုဆန္ဒပြပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အဓိက အတိုက်အခံပါတီဖြစ်တဲ့ အိန္ဒိယအမျိုးသားကွန်ဂရက် (INC) ပါတီခေါင်းဆောင် ရာဟူး ဂန္ဒီ (Rahul Gandhi) နဲ့ မဟာမိတ် အတိုက်အခံ ခေါင်းဆောင်တွေဟာ ပြည်သူ သောင်းနဲ့ချီ ပါဝင်တဲ့ အဲဒီ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တာပါ။

အတိုက်အခံတွေရဲ့ စွပ်စွဲချက်အရ မဲဆန္ဒရှင်စာရင်း ပြင်ဆင်မှုမှာ မဲဆန္ဒရှင် ၁၃၀ သန်းကျော်ရဲ့ အမည်တွေ ပယ်ဖျက်ခံခဲ့ရပြီး အဲဒီ လုပ်ဆောင်ချက်ဟာ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီရဲ့ အာဏာရ BJP ပါတီကို ထောက်ခံဖို့ အခွင့်အလမ်းနည်းတဲ့ မွတ်စလင်တွေနဲ့ အခြား လူနည်းစုတွေကို ထိခိုက်စေခဲ့တယ်လို့ ဆိုပါတယ်။

ဆန္ဒပြပွဲအတွင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဂျာနက်ရှ်ကူးမားအနေနဲ့ ရာထူးမှနှုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

ရွေးကောက်ပွဲကော်မရှင်က မည်သည့်ပါတီကိုမှ ဘက်လိုက်ဆောင်ရွက်တာ မရှိဘူးလို့ ငြင်းဆိုထားပြီး မဲစာရင်းကနေ မှားယွင်း ပယ်ဖျက်ခံရသူတွေအနေနဲ့ လျှောက်လွှာ ပြန်တင်နိုင်တယ်လို့ တုံ့ပြန်ထားပါတယ်။

ဆန္ဒပြသူတွေဟာ နယူးဒေလီမြို့လယ်မှ သမိုင်းဝင် ရမ်လီလာ မိုင်ဒန်းကွင်းဆီကို ချီတက်ခဲ့ကြပြီး ရဲတပ်ဖွဲ့ကလည်း ဒိုင်းတွေ၊ တုတ်တွေနဲ့ ယာဉ်တွေကို သုံးပြီး လုံခြုံရေး တင်းကြပ်ခဲ့ပါတယ်။

အာဏာရ BJP ပါတီက ကျန်းမာရေးဝန်ကြီး ဂျာဂတ် ပရာကားရှ်နဒ်ဒါက ဒီဆန္ဒပြပွဲဟာ ဒီမိုကရေစီကို အကြောင်းပြပြီး နိုင်ငံအတွင်း ရုပ်ရုတ်သဲသဲ ဖြစ်အောင် စနစ်တကျ ကြံစည်မှုတစ်ခုပဲ ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

မဲဆန္ဒရှင်စာရင်း ပြင်ဆင်မှုဆိုင်ရာ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စက်တင်ဘာလနှောင်းပိုင်းက အတိုက်အခံပါတီတွေ၊ ကျောင်းသားအဖွဲ့အစည်းတွေနဲ့ လူငယ်အဖွဲ့အစည်းတွေက နေ့စဉ်နီးပါး ဆန္ဒပြပွဲတွေ ဆက်တိုက် ပြုလုပ်ခဲ့ပါတယ်။

ဂျာနက်ရှ်ကူးမားရဲ့ ဒုတိယဥက္ကဋ္ဌနှစ်ဦးက မဲဆန္ဒရှင်စာရင်း စိစစ်မှုနဲ့ ဒစ်ဂျစ်တယ်စနစ် ဆိုင်ရာ လုပ်ငန်းစဉ်တွေအပေါ် စိုးရိမ်မှုတွေ ထုတ်ဖော်ခဲ့ပြီးနောက်ပိုင်း ဒီဆန္ဒပြပွဲတွေ ပိုမို ပြင်းထန်လာခဲ့တာပါ။

နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ဒီဖြစ်စဉ်ဟာ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ ၂၀၁၄ ခုနှစ်မှာ အာဏာရလာပြီးနောက်ပိုင်း ကြုံတွေ့ရသမျှ အကြီးမားဆုံး နိုင်ငံရေး အကျပ်အတည်းတစ်ခု ဖြစ်လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

အိန္ဒိယနိုင်ငံရဲ့ နောက်ထပ် အထွေထွေရွေးကောက်ပွဲကို လာမယ့် ၂၀၂၉ ခုနှစ်မှာ ကျင်းပဖို့ လျာထားတာ ဖြစ်ပါတယ်။

အတိုက်အခံတွေက ၎င်းတို့ရဲ့ တောင်းဆိုချက်တွေ ရတဲ့အထိ ဆက်လက် တောင်းဆိုသွားမယ်လို့ ကြေညာထားပါတယ်။

News: Al Jazeera/Reuters
Ref; Thousands rally in New Delhi to demand India’s election chief resign