ဧရာဝတီတိုင်းမ်
(ပဲခူး)၊ နိုဝင်ဘာ ၂ ရက်

 

ပဲခူးတိုင်းအတွင်းရှိ မြို့နယ်များသို့ ရွေးတုအစိုးရ စစ်တပ်က နေ့စဉ်နီးပါး လှည့်လည် ဗုံးကြဲ တိုက်ခိုက်လျက်ရှိရာ ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်နေ့ကလည်း တစ်ရက်တည်းတွင်ပင် အုတ်ဖို၊ ညောင်လေးပင်၊ ကျောက် ကြီးနှင့် ကျောက်တံခါး မြို့နယ် လေးခုကို ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ရွေးတုအစိုးရ စစ်တပ်၏ တိမ်မြုပ်ကျေးရွာအခြေစိုက် ခလရ-၆ တပ်ရင်းသည် အောက်တိုဘာ ၃၁ ရက်နေ့က အုတ်ဖိုမြို့နယ်၊ စဉ့်ကူးကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အပြင် ဒရုန်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် (၁၀) နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး လေး ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

အလားတူ ကျောက်ကြီးမြို့နယ်အတွင်းရှိ နရွဲပင်၊ ညောင်ကုန်းနှင့် ဝဲလပြင်း ကျေးရွာများကိုလည်း ရွေးတုအစိုးရ စစ်တပ်က ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့သဖြင့် ဒေသခံတစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါနေ့တွင်ပင် ညောင်လေးပင်မြို့နယ်၊ တောပုကျေးရွာ ဘုရားကြီး၌ အထိုင်ချ တပ်စွဲထားသည့် ရွေးတုအစိုးရ စစ်တပ်က ကောက်မကွယ်ကျေးရွာသို့ ဒရုန်းဖြင့် ဗုံးသီး သုံး လုံး ကြဲချတိုက်ခိုက် ခဲ့သော်လည်း အရပ်သား ထိခိုက်မှု မရှိခဲ့ပေ။

 

ထို့ပြင် ကျောက်တံခါးမြို့နယ်၊ ကျောက်စရစ်ကျေးရွာ (အနောက်ဘက်ကမ်း) ကိုလည်း စစ်တပ်က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး ထိုသို့ တိုက်ခိုက်ခြင်းမှာ နယ်မြေစိုးမိုးမှုကို ပြန်လည်ရရှိရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူများကို ရန်တိုက်ပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ဖြေကြားသည်။

 

စစ်တပ်သည် အောက်တိုဘာ ၂၇ ရက်နှင့် ၂၈ ရက်နေ့များကလည်း ပဲခူးတိုင်းအတွင်းရှိ မြို့နယ် အများစုကို လှည့်လည် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား နှစ် ဦး သေဆုံးခဲ့ပြီး သုံး ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – ပေးပို့