ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂ ရက်
ဟောင်ကောင်မှ အသက် ၃၃ နှစ်အရွယ် အလှဖန်တီးရှင် အမျိုးသမီးဟာ သူငယ်ချင်းနှစ်ဦးကို ထိုင်းနိုင်ငံသို့ လှည့်ဖြားခေါ်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံရှိ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ KK Park ကျားဖြန့်စခန်းထံ ဒေါ်လာ ၅၄,၀၀၀ နဲ့ ရောင်းစားခဲ့လို့ ထောင်ဒဏ် ၄ နှစ် ချမှတ်ခံလိုက်ရပါတယ်။
ပွန်ဆမ်ယီဆိုသူ အမျိုးသမီးဟာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ အလုပ်လက်မဲ့ ပိုင်ရှင်းယင်းနဲ့ မော်ဒယ် လျူဘင်းဘင်း တို့ကို ဂျပန် သို့မဟုတ် ကနေဒါနိုင်ငံကို ခရီးသွားဖို့ ဖိတ်ခေါ်ပြီး လှည့်ဖြားခဲ့တာပါ။
ပွန်ဆမ်ယီက ထိုင်းနိုင်ငံကို သွားရောက်ဖို့ လေယာဉ်လက်မှတ် ဝယ်ပေးခဲ့ပြီး ဘတ် ၄၈ သန်း သယ်ဆောင်ပေးရင် ငွေကြေးရရှိမယ်ဆိုပြီး အယုံသွင်းခဲ့ပါတယ်။
ဘန်ကောက်မြို့ကို ရောက်ရှိချိန်မှာ အဆိုပါ အမျိုးသမီးနှစ်ဦးဟာ ဟိုတယ်ကို သွားမယ်အထင်နဲ့ ကားပေါ် လိုက်ပါခဲ့ပေမဲ့ နောက်တစ်နေ့ မနက်မှာ ချင်းမိုင်မြို့ဘက်ကို မောင်းနှင်နေတာကို သိရှိခဲ့ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်ကို ရောက်တဲ့အခါ ဓားနဲ့ တုတ်တွေ ကိုင်ဆောင်ထားတဲ့ အမျိုးသား ၅ ဦးက အမျိုးသမီးနှစ်ဉီးကို မြစ်တစ်ဖက်ကမ်း အဓမ္မ ခေါ်ဆောင်သွားပြီး ပစ္စည်းတွေကို သိမ်းဆည်းခဲ့ပါတယ်။
အဲဒီနောက် သေနတ်ကိုင်ဆောင်ထားတဲ့ လက်နက်ကိုင် ၆ ဦးက ၎င်းတို့ကို အခြားကားတစ်စီးပေါ် တင်ဆောင်ကာ မြန်မာနိုင်ငံမှာ ရောင်းစားခံလိုက်ရပြီလို့ ပြောကြားခဲ့ပါတယ်။
ကျားဖြန့်စခန်းကို ရောက်ရှိချိန်မှာ Rabbit Chief လို့ အမည်ရတဲ့ တရုတ်အမျိုးသားက ဒေါ်လာ ၅ သိန်း လျော်ကြေးပေးရင် ဒါမှမဟုတ် အပြင်က သူဌေးတွေကို အဲဒီပမာဏရအောင် လိမ်လည်ပေးနိုင်ရင် ပြန်လွှတ်ပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။
တရားသူကြီးက ပွန်ဆမ်ယီရဲ့ လုပ်ရပ်ဟာ လွန်စွာ ရက်စက်ပြီး လူမဆန်တဲ့လုပ်ရပ်ဖြစ်ကြောင်း၊ ဘေးကင်းလုံခြုံရေးကို လုံးဝ ထည့်မတွက်ခဲ့လို့ ပြစ်ဒဏ် ပြင်းပြင်းထန်ထန် ပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
အမျိုးသမီးနှစ်ဦးဟာ ပြန်ပေးဆွဲခံလိုက်ရပြီး ကူညီတောင်းခံလို့ မရနိုင်တော့တာကို သိရှိခဲ့ရချိန်မှာ အလွန်အမင်း ကြောက်ရွံ့ခဲ့ပါတယ်။
အဆိုပါအမျိုးသမီးနှစ်ဦးဟာ KK Park စခန်းမှာ ၂ ပတ်နီးပါး ချုပ်နှောင်ခံခဲ့ရပြီး မိသားစုဝင်တွေက လျော်ကြေးငွေ ပေးဆောင်ခဲ့ရပြီးနောက်မှ ပြန်လွတ်မြောက်လာခဲ့တာပါ။
တရားသူကြီးက အလှဖန်တီးရှင် အမျိုးသမီးကို လိမ်လည်မှုနဲ့ တရားစွဲဆိုထားပေမဲ့ ဒီအမှုဟာ အခြေခံအားဖြင့် လူကုန်ကူးမှုလို့ ဆိုပါတယ်။
ဟောင်ကောင်မှာ လူကုန်ကူးမှုအတွက် သီးသန့် ဥပဒေ ပြဋ္ဌာန်းထားခြင်း မရှိသေးတာကြောင့် ပွန်ဆမ်ယီကို လိမ်လည်မှုနဲ့ပဲ ပြစ်ဒဏ်ချမှတ်ခဲ့ရတာ ဖြစ်ပါတယ်။
News: Bangkok Post
Ref; Hong Kong beautician gets 4 years for selling friends to Myanmar scam hub