ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂ ရက်
ရန်ကုန်တိုင်း၊ ရန်ကုန်မြို့လယ် ခြောက် မြို့နယ်အတွင်းရှိ လမ်းမကြီးများ အပါအဝင် နံပါတ်တပ် လမ်းများနှင့် လမ်းသွယ်များတွင် ရွေးတုအစိုးရ လက်အောက်ခံ စည်ပင်အဖွဲ့က နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ကာ ယာဉ်ရပ်နားခများ စတင်ကောက်ခံနေပြီး အဆိုပါ ကောက်ခံမှုအပေါ် စစ်အုပ်စု ထောက်ခံသူ အများအပြားကပင် ပြင်းပြင်းထန်ထန် ဝေဖန်လျက် ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်း ရွေးတုအစိုးရ ဝန်ကြီးချုပ်နှင့် မြို့တော်ဝန်တို့ထံ လိပ်မူ၍ ရန်ကုန်မြို့လယ် လမ်းမကြီး များပေါ်တွင် ယာဉ်ရပ်နားခ ကောက်ခံမှုကို ကြိုဆိုသော်လည်း လူနေထိုင်ရာ လမ်းသွယ်များအထိ ယာဉ်ရပ်နားခ ကောက်ခံနေခြင်းမှာ ကျပ်တည်းနေသည့် ပြည်သူများအတွက် ပိုမို အခက်အခဲ ဖြစ်ပေါ်စေကြောင်း စစ်တပ်ထောက်ခံသူတစ်ဦးက ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

“ကားစီးနေကြတိုင်း ဇိမ်ခံနေတယ်လို့ မသတ်မှတ်သင့်ပါဘူး။ မီးပြတ်၊ ရေပြတ်နဲ့ စီးပွားရေး ကျပ်တည်းရပြီး ကုန်ဈေးနှုန်းကြီးလို့ အဆင်မပြေမှုပေါင်းများစွာ ကြိုးစား ရုန်းကန်နေရပါတယ်။ အဲဒီလို ရှင်သန်နေကြတဲ့ ပြည်သူလူထုကို ငဲ့ညှာစဉ်းစားပေးဖို့ လိုပါတယ်။ စီမံကိန်း စတဲ့နေ့မှာပဲ လမ်းသွယ်နေထိုင်သူတွေနဲ့ ပိုက်ဆံကောက်တဲ့ ဝန်ထမ်းတွေကြား စကားများ ရပါတယ်” ဟု စစ်တပ်ထောက်ခံသူက ဆက်လက် ရေးသားထားသည်။
လက်ရှိတွင် ရန်ကုန်မြို့လယ် ခြောက်မြို့နယ်အတွင်း ယာဉ်ရပ်နား ကန့်သတ်ဇုန် (Parking Restricted Zone) ၈ ဇုန် သတ်မှတ်လိုက်ပြီး ယာဉ်ရပ်နားခအဖြစ် တစ်နာရီလျှင် ကျပ် ၅၀၀ ကောက်ခံနေကြောင်း သိရသည်။
အဆိုပါ ယာဉ်ရပ်နားခ ကောက်ခံရေးအတွက် ရွေးတုအစိုးရလကါ်အောက်ရှိ ရန်ကုန်စည်ပင်သာယာ ရေးကော်မတီက ဈေးပြိုင်တင်ဒါ ခေါ်ယူကာ ပုဂ္ဂလိက ကုမ္ပဏီများထံ အငှားချထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်