ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂ ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အတွင်းရှိ ရွေးတုအစိုးရ စစ်တပ်၏ တပ်ရင်းတပ်ဖွဲ့များသည် မြို့တွင်း ခုခံစစ်အတွက် အင်အားဖြည့်တင်းခြင်း၊ ပြန်လည်စုဖွဲ့ခြင်းနှင့် ခံစစ်ပြင်ဆင်မှုများကို အင်အားအလုံး အရင်းဖြင့် အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြောင်း သိရသည်။
အဆိုပါ ခုခံစစ် ပြင်ဆင်မှုများတွင် ရခိုင်ပြည်နယ်တစ်ဝှမ်း တပ်ပျက်ခဲ့သည့် ကျောက်တော်အခြေစိုက် စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ် စကခ -၉ ၊ တောင်ကုတ်အခြေစိုက် စကခ -၅၊ ဘူးသီးတောင်အခြေစိုက် စကခ-၁၅ နှင့် အခြေချစစ်ဗျူဟာ စဗခ (ဘူးသီးတောင်) တပ်များ ပါဝင်နေပြီး ပြီးခဲ့သည့် အောက်တိုဘာ နောက်ဆုံးပတ်အတွင်း စစ်မှုထမ်း တပ်သားသစ်များကိုပါ ခေါ်ဆောင်၍ အင်အားဖြည့်တင်းထား ကြောင်း သိရသည်။
“အမြင့်ကျွန်းကနေ ကွမ်းတောင်ကို ထပ်ထိုးဖို့ ပြင်ဆင်နေတယ်။ AA ဘက်ကလည်း အပြင်းအထန် တိုက်ခိုက်နေတော့ စစ်တပ်က ရှေ့မတိုးသာသေးဘူး။ စစ်တပ်က အင်အားဖြည့်လာတာ ရှိတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိ စစ်ရေး အခြေအနေများအရ အာရက္ခတပ်တော် (AA) အနေဖြင့် စစ်တွေမြို့ကို ရွှေမင်းဂံ၊ အမြင့်ကျွန်း၊ ပါဒလိတ်၊ ကြွီတဲ၊ ငတောက်တက် စသည့် ကျေးရွာများဘက်မှ ထိုးစစ်ဆင်လျက်ရှိပြီး ကျားမသောက်ကျေးရွာအထိ တိုက်ပွဲများ ရောက်ရှိလာခြင်းဖြစ်သည်။
စစ်တွေမြို့နယ်အတွင်း ဒကစ၊ ခလရ-၂၀၊ ခလရ-၃၄၄၊ ခလရ -၂၃၂၊ ခလရ-၂၇၀၊ ရဲတပ်ရင်း -၁၂၊ ရဲတပ်ရင်း -၃၆၊ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း၊ ရွှေမင်းဂံ ရေတပ်စခန်း စသည့် တပ်ရင်းတပ်ဖွဲ့ ၁၉ ခုခန့်ဖြင့် တပ်စွဲထားကြောင်း သိရသည်။
အဆိုပါ တပ်ရင်းတပ်ဖွဲ့ ၁၉ ခုခန့်တွင် မူလအင်အား ၂,၅၀၀ ကျော်၊ နပခ အပါအဝင် တပ်ပျက်များမှ အင်အား ၃,၀၀၀ ခန့်အပြင် ၄၉၂၆ စစ်ဆင်ရေးတွင် ဖြည့်တင်းခဲ့သည့် အင်အား ၁,၅၀၀ နှင့် ပုဏ္ဏားကျွန်း ဒုတိယအကြိမ် ထိုးစစ်အတွက် အင်အား ၁,၀၀၀ ခန့် ထပ်မံပို့ဆောင်ထားရာ စစ်တွေမြို့နယ်အတွက် ရွေးတုအစိုးရ စစ်တပ်က အင်အား ၇,၀၀၀ ကျော်အထိ သုံးစွဲထားရသည်။
ထို့ပြင် မြို့ပတ်ဝန်းကျင်ရှိ ရွှေမင်းဂံ၊ ကျားမသောက်၊ ကံကော်ကျွန်း၊ ဝါဘိုနှင့် ပါဒလိတ် စသည့် နေရာများတွင်လည်း ခံစစ်ပြင်ဆင်မှုများ ပြုလုပ်ထားသော်လည်း ယခုရက်ပိုင်းအတွင်း AA ၏ အနီးကပ် ပစ်ခတ်တိုက်ခိုက်မှုကို စစ်တပ်က ခံနေရပြီး ဝါဘိုဘက်ကို AA က ထိန်းချုပ်ထားပြီး ဖြစ်သည်။
မြေပြင် စစ်ရေးသတင်းများအရ ရွေးတုအစိုးရ စစ်တပ်သည် မြို့တွင်းရှိ လက်နက်ခဲယမ်းများကို လုံခြုံသည့်နေရာသို့ ရွှေ့ပြောင်းခြင်း၊ ခလရ-၂၀နှင့် ဆေးတပ်ရင်း မဆရ-၈ တို့တွင် အရေးပေါ် ရိက္ခာနှင့် ဆေးဝါးများ စုဆောင်းထားခြင်းအပြင် စစ်တပ်အရာရှိများ ထွက်ပြေးရန်အတွက် ရဟတ်ယာဉ်များကို အသင့်ပြင်ဆင်ထားကြောင်း သိရသည်။
ထို့ပြင် ဆတ်ရိုးကျချောင်း တံတားအောက်တွင်လည်း ရေတပ်စခန်း ဆောက်လုပ်ထားပြီး မြို့နှင့် ရွှေမင်းဂံ လမ်းကြောင်း အဆက်မပြတ်စေရန် ပြင်ဆင်ထားသည်။