ဧရာဝတီတိုင်းမ်
‎နိုဝင်ဘာ ၂ရက်
‎

ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူ နှင့် ဝီရဌာနီ မြို့နယ်လေးခုကို ရွေးတု အစိုးရ စစ်တပ်က ယမန်နေ့ နိုဝင်ဘာလ ၁ ရက်နေ့ တစ်ရက်တည်းတွင်ပင် လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် မွေးကင်းစကလေးငယ် တစ်ဦး အပါအဝင် အပြစ်မဲ့ အရပ်သား ၁၂ ဦး သေဆုံး ပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) သတင်းနှင့်ပြန်ကြားရေး၏ ထုတ်ပြန်ထား သည်။
‎

စစ်တပ်သည် နိုဝင်ဘာလ ၁ ရက် ညနေ ၅ နာရီ ၂၅ မိနစ်ခန့်က ကျောက်တော်မြို့နယ်၊ ဝါးတောင် ကျေးရွာနှင့် ပန်းဖဲချောင်းကျေးရွာကို ဆက်သွယ်ထားသည့် တံတားကို ဂျက်တိုက်လေယာဉ် တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် လမ်းသွားလမ်းလာ ခရီးသွား ပြည်သူ ခုနစ် ဦး သေဆုံးကာ ခုနစ် ဦး ဒဏ်ရာရရှိခဲ့သည်။

“သားဖွားဆေးခန်းကို ကြဲချတာ။ ဆေးဝန်ထမ်းတွေလည်း ထိတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

 

ထို့ပြင် စစ်တပ်သည် ညနေ ၅ နာရီ ၂၇ မိနစ်ခန့်တွင်လည်း မြောက်ဦးမြို့နယ်၊ ထမ္မရာဇ်ရပ်ကွက် ငွေတောင်ပေါက်အနီး၌ ဒေသခံများအား ဆေးကုသပေးနေသည့် ယာယီဆေးကုခန်း၊ သားဖွားဆောင်နှင့် ပတ်ဝန်းကျင်နေရာများကို ဂျက်တိုက်လေယာဉ် နှစ် စီးဖြင့် Cluster ဗုံး (ကလပ်စတာ ပိုင့်ခွဲဗုံး) လေးလုံး ကြဲချ တိုက်ခိုက်ခဲ့သည်။

 

အဆိုပါ တိုက်ခိုက်မှုအတွင်း မွေးကင်းစကလေးငယ် တစ်ဦး အပါအဝင် အရပ်သား ငါး ဦး သေဆုံးကာ ကိုး ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးဝန်ထမ်းအချို့ ဒဏ်ရာရရှိခြင်းနှင့် ဆေးခန်းအဆောင်များ၊ လူနေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ညနေ ၅ နာရီခန့်တွင် ကျောက်ဖြူမြို့နယ်၊ စနဲမင်းပြင်ကျေးရွာကို ရွေ ဂျက်တိုက်လေယာဉ် နှစ် စီးဖြင့် လာရောက် ဗုံးကြဲခဲ့ရာ အမျိုးသမီး ငါး ဦးနှင့် အမျိုးသား ခြောက် ဦး စုစုပေါင်း အရပ်သား ၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အဆောက်အအုံများ ပျက်စီးခဲ့သည်။

 

ထိုနည်းတူ နိုဝင်ဘာလ ၁ ရက် နံနက် ၃ နာရီ ၅၈ မိနစ်ခန့်ကလည်း ဝီရဌာနီ မြို့ပေါ်နှင့် ရွာချောင်းကြီး ကျေးရွာကို စစ်တပ်က Y-12 လေယာဉ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီး သုံး ဦးနှင့် အမျိုးသား နှစ် ဦး စုစုပေါင်း အရပ်သား ငါး ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အဆောက်အအုံများ ပျက်စီး ခဲ့ရသည်။

 

ရွေးတုအစိုးရ စစ်တပ်သည် နိုဝင်ဘာလ ၁ ရက်နေ့ တစ်ရက်တည်း၌ပင် ရခိုင်ဒေသအတွင်းရှိ အများ ပြည်သူသွားလာရာ လမ်း၊ တံတား၊ ဆေးရုံ၊ ဆေးခန်းများနှင့် လူနေရပ်ကွက်များကို ပစ်မှတ်ထား၍ ရှေ့ဆင့်နောက်ဆင့် ဆက်တိုက် လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် တစ်ရက်တည်းအတွင်း မွေးကင်းစကလေးငယ် တစ်ဦး အပါအဝင် သေဆုံးသူ ၁၂ ဦးနှင့် ကလေးငယ်များ အပါအဝင် အရပ်သား ၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော်က ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ-AA Info Desk