ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂ ရက်
မြန်မာစစ်တပ်က မြန်မာ-ထိုင်းနယ်စပ် သံလွင်မြစ်တစ်ဖက်ကမ်းရှိ ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ သောဘ်မိုးမြို့နယ်၊ မယ်စလပ်ကျေးရွာရှိ နေအိမ် ၁၇ လုံးနဲ့ အများပြည်သူဆိုင်ရာ အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။
တနင်္ဂနွေနေ့ နံနက်ပိုင်းမှာ မယ်စလပ်ကျေးရွာရှိ သံလွင်မြစ်ဆိပ်တစ်ခုလုံး ဆိတ်ငြိမ်နေခဲ့ပြီး မြစ်ကမ်းဘေးက ဆိုင်ခန်းတွေ ပိတ်ထားရသလို လှေပြေးဆွဲမှုတွေကိုလည်း ခေတ္တ ရပ်ဆိုင်းခဲ့ပါတယ်။
မြန်မာစစ်လေယာဉ်တွေက စနေနေ့ညပိုင်းမှာ သံလွင်မြစ်အနီးရှိ ကရင်လက်နက်ကိုင်တပ်ဖွဲ့စခန်းတွေကို ပေါင် ၅၀၀ ဗုံး ၂ လုံး တိုက်ခိုက်ခဲ့ပါတယ်။
သောဘ်မိုးမြို့နယ် အုပ်ချုပ်ရေးမှူး ခမ်ဖန်မော့ထိုင်းက ဒေသန္တရ အာဏာပိုင်တွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ပျက်စီးဆုံးရှုံးမှု စာရင်းကောက်ယူဖို့ ချက်ချင်း စေလွှတ်ခဲ့ပါတယ်။
ကွင်းဆင်းစစ်ဆေးချက်တွေအရ နေအိမ် ၁၇ လုံးထက်မနည်း မှန်ပြတင်းပေါက်တွေ ကွဲအက်တာ၊ နံရံတွေ အက်ကြောင်းထတာနဲ့ မျက်နှာကြက်တွေ ပျက်စီးတာတွေ ရှိခဲ့ပါတယ်။
မယ်စလပ် ကျန်းမာရေးဌာန၊ ခရစ်ယာန်ဘုရားကျောင်း၊ ကလေးပြုစုရေးစင်တာနဲ့ မယ်စလပ် ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း အဆောက်အအုံတို့လည်း ထိခိုက်သွားခဲ့ပါတယ်။
မယ်စလပ် ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း ဥက္ကဋ္ဌ ပွန်ပိပတ် မီးဘင်ဂျာမတ်စ်က ဗလီကျောင်း၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်းတို့လည်း ဗုံးစထိမှန်တာနဲ့ ပေါက်ကွဲအားကြောင့် ထိခိုက်ခဲ့ရတယ်လို့ ပြောပါတယ်။
“ထိုင်းအစိုးရအနေနဲ့ နယ်စပ်နေ ပြည်သူတွေ လုံခြုံရေးအတွက် စိတ်အေးရအောင် အစီအမံတွေ လုပ်ဆောင်ပေးသင့်ပါတယ်၊ အခုတော့ ပြည်သူတွေဟာ ထိတ်လန့်စိုးရိမ်မှုတွေနဲ့ နေထိုင်နေရပါတယ်” လို့ ၎င်းက ဆိုပါတယ်။
စစ်ပွဲတွေ နယ်စပ်အနီး ရောက်ရှိလာတာကြောင့် ထိုင်းဘက်ခြမ်းကို ထိခိုက်မှုတွေ တိုးလာနေလို့ နယ်စပ်အနီး လေကြောင်းတိုက်ခိုက်မှုတွေ မလုပ်ဖို့ မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးဖို့ တောင်းဆိုထားပါတယ်။
မယ်စလပ်ကျေးရွာ အုပ်ချုပ်ရေးမှူး သုပတ်နုချ်ကွန်ကန်က တိုက်ခိုက်မှု အန္တရာယ်တွေကို သတိထားဖို့၊ လေယာဉ်သံနဲ့ သတိပေးသံတွေကို သေချာကြားနိုင်အောင် သီချင်းသံအကျယ်ကြီးတွေ မဖွင့်ကြဖို့ ရွာသူရွာသားတွေကို သတိပေးထားတယ်လို့ ဆိုပါတယ်။
ဒေသန္တရ အာဏာပိုင်တွေက ဘန်းဟွေကောင်ကတ်ကျောင်းကို အရေးပေါ် ခိုလှုံရာစခန်းအဖြစ် သတ်မှတ်ပေးထားပြီး စစ်ဘေးရှောင်တွေ ရောက်လာပါက လက်ခံနိုင်ဖို့ နေရာ ၃ ခု ပြင်ဆင်ထားပါတယ်။
ထိုင်းလုံခြုံရေး အာဏာပိုင်တွေက ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်ထံ တရားဝင် ကန့်ကွက်စာ ပေးပို့ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
News: Bangkok Post
Ref; Myanmar airstrike on Karen damages homes in Thailand