ဧရာဝတီတိုင်းမ်
(အုတ်ဖို)၊ နိုဝင်ဘာလ ၈ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ အုတ်ဖိုမြို့နယ်၊ပဲခူးရိုးမအစပ်ဒေသ ဝိုင်းကျေးရွာအုပ်စု ချောင်းစောက်ရွာမှ စစ်ကောင် စီသတင်းပေး ပျူစောထီးခေါင်းဆောင် ၁ ဦး နိုဝင်ဘာ လ ၇ ရက် ယမန်နေ့ နေ့လည် ၃ နာရီ ၅၀ မိနစ်တွင် ပစ်သတ်ခံခဲ့ရကြောင်းဒေသခံများထံကသိရသည်။
ပစ်သတ်ခံရသူမှာ ပျူစောထီးခေါင်းဆောင် ကိုးချောင်းသန်းထွန်းဆိုသူဖြစ်ပြီး ချောင်းစောက်ဆည်ဘောင်ပေါ်တွင် သေနတ်ဖြင့် ၂ ချက်ပစ်ခတ်ခံရပြီးသေဆုံးခဲ့ကြောင်းသိရသည်။
ကိုးချောင်းသန်းထွန်းမှာ ပဲခူးရိုးမအတွင်းရှိ PDF စခန်းများကို လမ်းပြအဖြစ်လုပ်ဆောင်နေသူတဦးဖြစ်ပြီး ၄င်းကြောင့် PDF စခန်းတချို့စီးနင်းခံရမှုများရှိသည်ဟုဆို သည်။
” သူ့ကို ဒီဘက်နယ်တဝိုက်မှာ ကိုးချောင်းသန်းထွန်းလို့လူသိများတယ်။ပဲခူးရိုးထဲစစ်ကြောင်းထိုးရင်စစ်တပ်ကသူ့ဘဲခေါ်ခေါ်သွားတာ၊သူကလည်းစစ်ကြောင်းလာရင်မြောက်ကြွမြောက်ကြွနဲ့၊ ရိုးထဲက PDF စခန်းတွေအမြစ်ဖြတ်မယ်ဆိုပြီး လမ်းပြလုပ်နေတာ။ အရင်တခါ အုတ်ဖို PDF စခန်းဟောင်းတခုစီးနင်းခံရတာလည်းသူ့ကြောင့်ဘဲ။ PDF ဘက်ကသူ့ကိုငြိုးနေတာကြာပြီ” ဟု ဒေသခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါပစ်ခတ်ရှင်းလင်းမှုကို သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂)၊ အမှတ်၂ တပ်ခွဲ ၄ အုတ်ဖိုမြေအောက်ပြောက် ကျားတပ်ဖွဲ့မှ လုပ်ဆောင်ခဲ့ကြောင်းထုတ်ပြန်ထားသည်။
“သူက ပျုခေါင်းဆောင်လည်းဖြစ်တယ်၊ စကစ သတင်း ပေး ဒလန်လည်းလုပ်တယ်၊ သူသတင်းပေးတိုင်ကြားမှုကြောင့် တချို့ရွာသားတွေ စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ် စက်တာ ခံရတာတွေရှိတယ်” ဟု သာယာဝတီခရိုင်PDF တာဝန်ရှိသူတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂)၊ အမှတ်၂ တပ်ခွဲ ၄သည် နိုဝင်ဘာလ ၂ ရက်နှင့် ၃ ရက်နေ့များတွင်လည်း စစ်ကောင်စီတပ်များအား ပဒေသာမိုင်းများဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့သေးကြောင်း ထုတ်ပြန်ချက်အရသိရပါသည်။
#အုတ်ဖို #ပျူစောထီး #ပစ်သတ်ခံရ #AyeyarwaddyTimes