ဧရာဝတီတိုင်းမ်
(မတူပီ)၊ နိုဝင်ဘာလ ၈ ရက်
အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်နေရသည့် ချင်းပြည်နယ်၊ မတူပီမြို့မှ စစ်ဘေးရှောင်ပြည်သူများမှ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူစုစု ပေါင်း ၂၀ ဦးကျော်လာပြီဖြစ်ကြောင်း မတူပီစစ်ဘေးရှောင်များထံကသိရသည်။
စစ်အာဏာသိမ်းပြီးနောက် ပြီးခဲ့သည့်နှစ်မေလအတွင်းတွင် မတူပီမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်နှင့်ဒေသကာကွယ်ရေးတပ်များအကြားတိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များမှ ဒေသခံပြည်သူ လူထုများကို အကြောင်းမဲ့ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုများပြုလုပ်သဖြင့် မတူပီဒေသခံ ၅ ထောင်ကျော်သည် အိုးအိမ်စွန့်ခွာကာ မီဇိုးရမ်ဘက်သို့ စစ်ဘေးရှောင်နေရခြင်း ဖြစ်သည်။
ယင်းကဲ့သို့ စစ်ဘေးရှောင်ကာလ ၁ နှစ်ကျော်အတွင်း အကြောင်းအမျိုးမျိုးဖြင့် သေဆုံးသူစစ်ဘေးရှောင်ဦးရေ ၂၀ ကျော်အထိရှိလာကာ အများစုမှာအသက်ကြီးဖြစ်ပြီး လူလတ်နှင့်လူငယ်ပိုင်းများလည်းပါဝင်ကြောင်း စစ်ဘေးရှောင်ကူညီပေးနေသူတဦးကပြောသည်။
“မီဇိုးရမ်ဘက်ကို စစ်ဘေးရှောင်နေတာ တစ်နှစ်ကျော်နေပြီပေါ့နော်၊ ဒီတစ်နှစ်ကျော်အတွင်းမှာ မတူပီမြို့ကနေ စစ်ဘေးရှောင်လာကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူစုစုပေါင်း ၂၀ ဦးကျော်အထိ ရှိပါပြီ။ စစ်ဘေးရှောင်ရင်း သေဆုံးသူတွေထဲမှာ သက်ကြီးရွယ်အိုပိုင်းနဲ့ လူငယ်လူလတ်ပိုင်း တွေလည်း ပါတယ်။ သက်ကြီးရွယ်အိုပိုင်းတွေက ရောဂါအခံကြောင့် သေဆုံးသူတွေများပါတယ်။ လူငယ်ပိုင်း တွေကတော့ မိသားစုဝမ်းရေးအတွက် ပင်ပင်ပန်းပန်းနဲ့ အလုပ်အလွန်အကျွံလုပ်ကိုင်ကြရင်း ကိုယ်ခံအားကျဆင်းလို့ သေဆုံးသူတွေရှိကြသလို အလုပ်လုပ်ရင်း မတော်တဆထိခိုက်မှုတွေကြောင့် သေဆုံးကြတာပါ”လို့ မတူပီမြို့မှ စစ်ဘေးရှောင်များကိုကူညီပေးနေသူအမျိုး သားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
မီဇိုးရမ်သို့ ရောက်ရှိနေသော မြန်မာစစ်ဘေးရှောင်ပြည်သူများသည် မီဇိုးရမ်တာဝန်ရှိသူများက စီမံဆောင်ရွက်ပေးသော စစ်ဘေးရှောင်စခန်းများတွင် အများစုနေထိုင်ကြပြီး တစ်ချို့သည် မြို့တွင်းနှင့် ကျေးရွားများတွင် မိမိစရိတ်ဖြင့် အိမ်ငှားနေထိုင်ကြကြောင်းစစ်ဘေးရှောင်ပြည်သူများက ပြောကြားသည်။
အလုပ်အကိုင်ရှားပါးမှုကြောင့် မြန်မာစစ်ဘေးရှောင်ပြည်သူများသည် ကြုံရာလုပ်ငန်းများကို ပင်ပင်ပန်းပန်း လုပ်ကိုင်နေကြရပြီး အလုပ်အကိုင်အဆင်မပြေခြင်း၊ ဝင်ငွေနည်းပါးခြင်းကြောင့် ဆေးကုသမှုခက်ခဲခြင်း၊ လုပ်ငန်းကြမ်းတမ်းခြင်း၊ စားဝတ်နေရေးခက်ခဲခြင်းနှင့် မိမိဒေသမဟုတ်သည့်အတွက် စိတ်ပိုင်းဆိုင်ရာတွင် ထိခိုက်ခံစားနေကြရကြောင်းစစ်ဘေးရှောင်အမျိုးသမီး တစ်ဦးက ပြောဆိုသည်။
“ကိုယ့်ဒေသမဟုတ်တော့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင် ရာတွေမှာ ထိခိုက်မှုတွေကြောင့် သေဆုံးတာများပြားတယ်လို့ သုံးသပ်ပြောလို့ရပါတယ်။ ဒီဘက်မှာက ကိုယ့်ဒေသလိုမျိုးလွတ်လွတ်လပ်လပ်နေထိုင်သွားမှုတွေ မရှိတော့ စိတ်ကျဥ်းကြပ်ကြတယ်။ သက်ကြီးရွယ်အိုတွေက မိမိဒေသကို အင်မတန်လွမ်းဆွတ်ကြတော့ စိတ်ပိုင်းဆိုင်ရာတွေမှာ တော်တော်ထိခိုက်ခံစားကြရတယ်။ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကြောင့် ဖြစ်နိုင်ရင် မိမိဒေသကို အချိန်မရွေးတန်းပြန်ချင် ကြတယ်”လို့ ပြောသည်။
မတူပီမြို့နယ်တွင် ဒေသကာကွယ်ရေးတပ်နှင့် စစ်ကောင် စီတပ်တို့ မကြာခဏတိုက်ပွဲဖြစ်ပွားခြင်း၊ စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မတူပီမြို့အဝင်/အထွက်များကို စစ်ကောင်စီတပ်က ပိတ်ပင်ခြင်း၊ ဆေးဝါးများပြတ်လပ်ခြင်း၊ ကျန်းမာရေးနှင့် ပတ်သက်လာပါက မြို့ထဲတွင် ဝင်ရောက်သွားလာခွင့်
မရခြင်း၊ လွတ်လပ်စွာ ဆေးကုသခွင့်မရခြင်း၊ ကုန်စည်ပျက်လပ်ခြင်းနှင့် စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုတို့ကြောင့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် မိမိနေရပ်ပြန်နိုင်ရန် မဖြစ်နိုင်သေးကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။
ဓာတ်ပုံ – မီဇိုးရမ်ပြည်နယ်အတွင်းကမတူပီဒေသခံစစ်ဘေးရှောင်ပြည်သူများ။
#မီဇိုးရမ် #မတူပီ #စစ်ဘေးရှောင် #သေဆုံးသူ #၂၀ ကျော် #ရှိလာ #AyeyarwaddyTimes