‎ဧရာဝတီတိုင်းမ်
‎နိုဝင်ဘာ ၉ရက်
‎

တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ကျောက်ဖြူ နယ်မြေများသို့ ပို့ဆောင်ခြင်းခံခဲ့ရပြီး အထိနာကာ နောက်တန်းပြန်လာသည့် ရွေးတုအစိုးရ စစ်တပ် တပ်ဖွဲ့ဝင် အချို့ကို ရွေးတုအစိုးရက ရန်ကုန်တွင် ကြိုဆိုပွဲ ပြုလုပ်ကာ ဝါဒဖြန့်လျက်ရှိကြောင်း သိရသည်။

 

ရန်ကုန်တိုင်းအတွင်းရှိ နယ်မြေခံ တပ်ရင်းတစ်ခုတွင် ယနေ့ နိုဝင်ဘာ ၉ ရက်နေ့က ရှေ့တန်းပြန် တပ်ဖွဲ့ဝင်များကို မင်းသား၊ မင်းသမီးအချို့နှင့် စစ်တပ် အရာရှိများက ကြိုဆိုပွဲ ပြုလုပ်ခဲ့သည်။

“ကြက်ကုကုပြီး ရှေ့တန်း ပြန်ပို့မှာပါ။ ပြည်သူ့စစ်မှုထမ်းတွေနဲ့ တပ်က ကျားကန်နေရတဲ့ အခြေအနေပါ” ဟု စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ပြီးခဲ့သည့် အောက်တိုဘာလ တတိယပတ်နှင့် နောက်ဆုံးပတ်များအတွင်း ကလည်း ရန်ကုန်တိုင်းမှ ထုတ်နှုတ်တပ်များနှင့် ပူးပေါင်း၍ စစ်အင်အား ထောင်ချီကို ဧရာဝတီတိုင်းသို့ ပို့ဆောင်ခဲ့ပြီး ထိုမှ တစ်ဆင့် ရခိုင်ဒေသဘက်သို့ ထပ်မံ ပို့ဆောင်ရန် စီစဉ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရွေးတုအစိုးရ စစ်တပ်သည် စစ်မျက်နှာ ၁၄ ခုတွင် တိုင်းမှူး ငါး ဦး ကြီးကြပ်၍ ကြည်း၊ ရေ၊ လေ အင်အားအပြည့်ဖြင့် အာရက္ခတပ်တော် (AA) တပ်ဖွဲ့များကို ခုခံ ရင်ဆိုင်နေရသည်။

 

ထို့ကြောင့် တိုက်ပွဲများအတွင်း ထိခိုက်သေဆုံးမှု များပြားနေသည့် တပ်ရင်းများကို နောက်တန်းသို့ ခတ္တ ပြန်ဝင်စေကာ အင်အား ပြန်လည် စုဖွဲ့ပြီးနောက် ဝါဒဖြန့် ကြိုဆိုပွဲများ ပြုလုပ်၍ မူလ တိုက်ပွဲ နေရာများသို့ ပြန်လည် စေလွှတ်လျက် ရှိကြောင်း စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

 

ပုံစာ-ရှေ့တန်းပြန် ရွေးတုအစိုးရ စစ်တပ် တပ်ဖွဲ့ဝင်များကို ကြီုဆိုနေသည့် မင်းသား၊ မင်းသမီးအချို့နှင့် စစ်တပ် အရာရှိများကို တွေ့ရစဉ်။