ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၉ ရက်
ပြည်သူ့ဆန္ဒကို လက်နက်ဖြင့် ဖျက်ဆီး၍မရသကဲ့သို့ အကြမ်းဖက် ဖိနှိပ်မှုနှင့် မတရားအုပ်ချုပ်မှုတို့ဖြင့်လည်း ပျောက်ကွယ်သွားမည် မဟုတ်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ ခြောက်နှစ်ပြည့်အတွက် ထုတ်ပြန်ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ ပြုလုပ်ခဲ့သော ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲသည် ယမန်နေ့ နိုဝင်ဘာ ၈ ရက်နေ့က ခြောက် နှစ်ပြည့်ခဲ့ပြီး ထိုရလဒ်အပေါ် လက်မခံ၍ ၎င်းတို့ဖန်တီးထားသော မဲမသမာမှု အကြောင်းပြကာ စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရက အာဏာသိမ်းခဲ့သည်။
ထို့နောက် ပြည်သူ့ဆန္ဒနှင့်အတူ ပေါ်ပေါက်ဖွဲ့စည်းထားသော CRPH က ယင်းသို့ ထုတ်ပြန်ကာ ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်ဖြစ်သော ပြည်သူ့ဆန္ဒနှင့် ပြည်သူ့အချုပ်အခြာ အာဏာသည် ယနေ့တိုင် တည်ရှိနေဆဲဖြစ်ပြီး စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရကို ထောက်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ခုနှစ်၌ အပိုင်းလိုက်ခွဲ၍ ဖန်တီးပြုလုပ်သော အတုအယောင် ရွေးကောက်ပွဲသည် ပြည်သူများ၏ လွတ်လပ်သော နိုင်ငံရေးဆန္ဒကို ထင်ဟပ်ခြင်း မရှိသည့်အပြင် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ရရှိစေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း CRPH က ဆိုသည်။
ယင်းအပြင် ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် အခြားဆိုးရွား ပြင်းထန်သော ရာဇဝတ်မှုများအတွက် ရွေးတုအစိုးရအနေဖြင့် တာဝန်ခံမှုမှ လွတ်မြောက်စေရန် ကြိုးပမ်းမှုသာဖြစ်ကြောင်း ထုတ်ပြန်ဖော်ပြထားသည်။
အလားတူ နိုင်ငံရေးခေါင်းဆောင်နှင့် ပါတီဝင်များကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ နိုင်ငံရေးပါတီများကို ကန့်သတ်ပိတ်ပင်ခြင်း၊ ပြည်သူများ၏ အခြေခံလူ့အခွင့်အရေးများကို ချိုးဖောက်ခြင်းတို့အောက်၌ ကျင်းပခဲ့သဖြင့် လွတ်လပ်၍ တရားမျှတသော အခြေခံစံနှုန်းများနှင့် ကိုက်ညီမှုမရှိဟု သိရသည်။
လက်ရှိတွင် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို ပဋိပက္ခများ ဖြစ်ပွားနေခြင်းနှင့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ မတရားဖမ်းဆီးထိန်းသိမ်းခံနေရခြင်းတို့ကြောင့် အဓိပ္ပာယ်ပြည့်ဝမှုမရှိကြောင်း နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ထုတ်ပြန်ပြောဆိုထားသည်။
ထို့အပြင် ၂၀၂၀ ရွေးကောက်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ CRPH နှင့်အတူ ရပ်တည်ရန် အဖွဲ့ဝင်လွှတ်တော်များကို ထပ်မံတိုက်တွန်းထားပြီး မြန်မာနိုင်ငံအတွက် CRPH အား အဓိကမိတ်ဖက် ဆွေးနွေးဖက်အဖြစ် ၎င်းတို့ အသိအမှတ်ပြုဆဲဖြစ်ကြောင်း သိရသည်။
အာဏာသိမ်း ရွေးတုအစိုးရကမူ ၎င်းတို့ထိန်းချုပ်မရသော နယ်မြေဒေသများကို စစ်အုပ်ချုပ်ရေး ကြေညာ၍ စစ်ရေးအရှိန်မြှင့် ဗုံးကြဲတိုက်ခိုက် စစ်ကြောင်းထိုး မီးရှို့နေပြီး အတုအယောင် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်သွားရန် မဲဆန္ဒနယ် (၅၅) နေရာအား ထုတ်ပြန်ထားသည်။
ဓာတ်ပုံ -လူမှုကွန်ရက်