ဧရာဝတီတိုင်းမ်
(ပြည်)၊ နိုဝင်ဘာ ၉ ရက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၌ ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့က အမှတ် (၂) မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ရန်နောင်ထွေးနှင့် အဖွဲ့သည် လူငယ်များကို အရပ်ဝတ်ဖြင့် ပေါ်တာဆွဲ ဖမ်းဆီးရန် အပြင်ထွက်လာစဉ် ကားပေါ်၌ လိုက်ပါလာသည့် ရဲတပ်ဖွဲ့ဝင် မိသားစုဝင် မိန်းကလေးငယ် နှစ် ဦး နဝင်း ချောင်းအတွင်း ရေဆင်းကူးရာမှ ရေနစ်သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ရွေးတုအစိုးရ လက်အောက်ခံ ရဲတပ်ဖွဲ့သည် ပြည်မြို့၊ နဝင်းချောင်းတံတား အနီးတွင် လမ်းသွားလမ်းလာ လူငယ်များကို ပေါ်တာဆွဲရန် စောင့်ဆိုင်းနေစဉ် ၎င်းတို့နှင့်အတူ ပါလာသည့် ရဲမိသားစုဝင် မိန်းကလေး ငယ် နှစ် ဦးမှာ နဝင်းချောင်းအတွင်း ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရေနစ်သေဆုံးခဲ့သည့် မိန်းကလေးငယ် နှစ် ဦးမှာ အသက် (၁၃) နှစ်နှင့် (၁၆) နှစ်အရွယ်များ အသီးသီး ဖြစ်ကြပြီး တစ် ဦးမှာ ဖြစ်စဉ်နေရာ၌ပင် သေဆုံးခဲ့ပြီး ကျန် တစ်ဦးမှာ ပြည်ဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ပြည်မြို့ပေါ်မှာ ပေါ်တာဆွဲတဲ့ ကားတွေက ပုံမှားရိုက်နေကြတာ။ ဘယ်လိုတွေ ရိုက်နေကြလဲဆိုတော့ သူတို့ကားပေါ်မှာ ကလေးတွေ တင်လာတယ်။ မသိရင် ကားကို ရပ်ထားတယ်၊ အရပ်သားကားလိုလို ဘာလိုလိုနဲ့ လူငယ်တွေ ဖြတ်သွားမှ လိုက်ဆွဲတဲ့ အနည်အထားတွေ ရှိတယ်။ အရပ်သားပုံစံမျိုး မထင်မှတ်ထားတဲ့ အကွက်တွေနဲ့ လုပ်နေတာမျိုး ရှိတယ်” ဟု မြေပြင် ဖြစ်စဉ်ကို သိရှိသည့် ပြည်မြို့ခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြည်မြို့၊ အမှတ် (၂) မြို့မရဲစခန်းမှ ရန်နောင်ထွေးနှင့် အဖွဲ့သည် နဝင်းချောင်းအနီးနှင့် ပြည်ဆေးရုံ အနီးတို့တွင် ညနေပိုင်း ရုံးဆင်း ရုံးပြန် လူငယ်များ၊ ပန်းရံသမားများအပြင် လမ်းသွားလမ်းလာများကို အရပ်ဝတ်များဖြင့် စောင့်ဆိုင်းကာ ပေါ်တာဆွဲ ဖမ်းဆီးနေခြင်း ဖြစ်သည်။

လက်ရှိတွင် ရွေးတုအစိုးရ လက်အောက်ခံ တပ်ဖွဲ့ဝင်များသည် ပြည်သူများကို နည်းလမ်းမျိုးစုံဖြင့် အဓမ္မ စစ်သားစုဆောင်းရန် ဖမ်းဆီးလျက်ရှိပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ တာမွေမြို့နယ် ရဲစခန်းအနီးတွင် လူငယ်တစ်ဦးကို အိမ်စီးကားတစ်စီးပေါ်သို့ ရုတ်တရက် အဓမ္မ ဆွဲတင် ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ပေးပို့