ဧရာဝတီတိုင်းမ်
‎နိုဝင်ဘာ ၉ရက်
‎

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့အနီးရှိ ကျေးရွာများတွင် တပ်စွဲထားသော ရွေးတုအစိုးရ စစ်တပ်စခန်း သုံး ခုကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၃၆ ဦး သေဆုံးကာ စစ်သုံ့ပန်း ၃၈ ဦးနှင့်အတူ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။
‎

မော်လူးမြို့အနီးရှိ ရွေးတုအစိုးရ စစ်တပ်စခန်းများနှင့် စစ်ယာဉ်တန်းများကို ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက စတင် ထိုးစစ်ဆင် တိုက် ခိုက်ခဲ့ပြီးနောက် နိုဝင်ဘာလ ၇ ရက်နေ့တွင် အင်းတော်နှင့် မော်လူးမြို့ကြားရှိ စီပိန်း၊ ဖားပန့်နှင့် ပင်ဝယ်ကျေး ရွာတို့တွင် တပ်စွဲထားသော စစ်တပ်စခန်းများကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

“ရှမ်းနီတပ်တွေနဲ့ ကျန်တဲ့အင်အားစုပြီး ပြန်ဖွဲ့စည်းဖို့ စစ်တပ်က လုပ်နေတယ်။ ဝန်းသိုဘက်ကလည်း ထပ်ထွက်လာဖို့ ရှိတယ်လို့ သိရတယ်” ဟု မြေပြင် သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အဆိုပါ တိုက်ပွဲများအတွင်း ရွေးတုအစိုးရ စစ်တပ်ဘက်မှ ၃၆ ဦး သေဆုံးကာ စစ်သုံ့ပန်း ၃၈ ဦး ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့သည်။ ဆက်လက်၍ နန့်စီးအောင်ရှိ စစ်တပ်ဂိတ်ကိုလည်း တော်လှန်ရေးတပ်များက ဒရုန်းများဖြင့် ဆက်လက် ပစ်ခတ်တိုက်ခိုက်လျက် ရှိသည်။

 

ယခုအခါ မော်လူးမြို့ကို အပြည့်အဝ သိမ်းပိုက်နိုင်ခြင်းမရှိသေးသော်လည်း ဒရုန်းဖြင့် ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်ပြီး တော်လှန်ရေး ပူးပေါင်းတပ်များသည် ယမန်နေ့ နိုဝင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းကလည်း နန့်စီးအောင် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် သွားရောက် တိုက်ခိုက်ခဲ့ကြောင်း Indaw Revolution (IR) ထံမှ သိရသည်။

 

ဓာတ်ပုံ-လူမှုကွန်ရက်၊