ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၉ ရက်

ဂျပန်နိုင်ငံ အလယ်ပိုင်းမှာ တနင်္ဂနွေနေ့ နံနက်ပိုင်းက ပြင်းအား ၅ ဒသမ ၇ ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၂၂ ဦး ဒဏ်ရာရရှိခဲ့ပြီး အဆောက်အအုံတွေလည်း ပျက်စီးခဲ့ပါတယ်။

ငလျင်ကြောင့် စတိုးဆိုင်တွေက မှန်ပြတင်းပေါက်တွေ ကွဲထွက်သွားခဲ့သလို လူတွေလည်း အဆောက်အအုံတွေထဲကနေ အပြင်ကို အလန့်တကြား ထွက်ပြေးခဲ့ရပါတယ်။

ငလျင်ဟာ မြေအောက် ကီလိုမီတာ ၄၀ အကွာကို ဗဟိုပြု လှုပ်ခတ်ခဲ့တာ ဖြစ်ပြီး ရှီဇူးအိုးကားပြည်နယ်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒီငလျင်ရဲ့ ရိုက်ခတ်မှုကို အိုက်ချိပြည်နယ်အပါအဝင် ဟာမားမဆုမြို့၊ မြို့တော်ဟောင်းတွေဖြစ်တဲ့ ကျိုတိုနဲ့ နာရာမြို့တွေအထိ ပြင်းထန်စွာ ခံစားခဲ့ရပါတယ်။

ဖူဂျီတောင် တည်ရှိရာ ယာမာနာရှိပြည်နယ်နဲ့ ဂိဖုပြည်နယ်တို့မှာလည်း ငလျင်ဒဏ်ကို သိသိသာသာ ခံစားခဲ့ရတာပါ။
ငလျင်ကြောင့် ဒဏ်ရာရသူတွေထဲမှာ ဘေးလွတ်ရာကို အလန့်တကြား ထွက်ပြေးစဉ် လှေကားပေါ်ကနေ ပြုတ်ကျသူတွေလည်း ပါဝင်နေပါတယ်။

ရုပ်သံသတင်းတွေမှာ လမ်းမတွေပေါ်မှာ မှန်ကွဲစတွေ ပြန့်ကျဲနေပြီး စာအုပ်ဆိုင်တွေမှာလည်း စာအုပ်တွေ စင်ပေါ်ကနေ ပြုတ်ကျ ပရမ်းပတာ ဖြစ်နေတာကို တွေ့ရပါတယ်။

ငလျင်လှုပ်ခတ်ခဲ့တဲ့ ဒေသတွေမှာ ဘေးအန္တရာယ် ကင်းရှင်းရေး ကြိုတင်ပြင်ဆင်မှုအနေနဲ့ ကျန်းကျန်းဆင်း ကျည်ဆန်ရထားတွေကို ပုံမှန်ထက် လျှော့ချပြီး မောင်းနှင်နေရပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် ရထားလမ်းကြောင်းတွေ ပျက်စီးမှု ရှိမရှိကိုလည်း တာဝန်ရှိသူတွေက သတိထား စိစစ်နေကြတာပါ။
ဒီငလျင်ဟာ မြို့တော် တိုကျိုနဲ့ အလှမ်းဝေးတာကြောင့် တိုကျိုမြို့မှာတော့ ငလျင်ဒဏ်ကို ခံစားခဲ့ရခြင်း မရှိပါဘူး။

ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ငလျင်ခကြာခဏ လှုပ်ခတ်လေ့ရှိတဲ့ ဧရိယာအတွင်းမှာ တည်ရှိနေတာ ဖြစ်ပါတယ်။

News: The Independent
Ref; At least 22 people injured after 5.7-magnitude earthquake strikes Japan