ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၉ ရက်

 

ကမ္ဘာ့ကုန်စည် ထောက်ပံ့ရေး လမ်းကြောင်း အခက်အခဲများနှင့် ဈေးကွက် အခြေအနေများကြောင့် မော်တော် ယာဉ် ထုတ်လုပ်ရန် ခက်ခဲနေသဖြင့် ပြည်တွင်း၌ တရုတ်နိုင်ငံထုတ် SWM ကားတံဆိပ် ရောင်းချမှုများကို ရပ်ဆိုင်းလိုက်ပြီး စရံငွေများ ပြန်လည် ပေးအပ်သွားမည်ဖြစ်ကြောင်း SWM Myanmar က ထုတ်ပြန်ထားသည်။

 

လက်ရှိ ဖြစ်ပေါ်နေသော အခက်အခဲများကြောင့် မော်တော်ယာဉ်များ အပ်နှံနိုင်မည့် အချိန်ကာလနှင့် ဈေးနှုန်းများကို အတည်ပြုနိုင်ခြင်း မရှိတော့သည့်အတွက် စရန်ငွေ ပေးသွင်း၍ SWM မော်တော်ယာဉ် မှာယူထားသည့် ဝယ်ယူသူများကို စရန်ငွေ ပြန်လည် ထုတ်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

လက်ရှိ ကားအရောင်းပြခန်းများတွင် ပြသထားသည့် မော်တော်ယာဉ်များပင် မရှိဘဲ ကြိုတင်မှာယူသည့် စနစ် (Pre-order) ဖြင့်သာ ဝယ်ယူနေရခြင်း ဖြစ်ကြောင်း ကားဝယ်ယူရန် စုံစမ်းနေသူတစ်ဦးထံမှ သိရသည်။

“Car Showroom တွေမှာတောင် ကားတွေ မရှိဘူး။ ဆီကားဖြစ်ဖြစ်၊ EV ကားဖြစ်ဖြစ် ဘာကားမှ မရှိဘူး။ မှာထားရတာပဲ။ ကိုယ့်ပိုက်ဆံ အရင်ပေးပြီးတော့ မှာရတာ။ ဘယ်ချိန်ရမလဲ မသိဘူး။ ချက်ချင်း လိုချင်ရင်တော့ ဈေးကွက်ထဲမှာ ဈေးများများပေးပြီး ဝယ်ရမယ်။ ကားတစ်စီးကိုပဲ လှည့်ပတ် ရောင်းနေတာနဲ့ ပေါက်ဈေး အမျိုးမျိုးဖြစ်နေတယ်။ ဈေးကွက်ထဲ ကားနည်းနည်း ရှာလိုက်ရင် သိနိုင်ပါတယ်” ဟု ကားဝယ်/ရောင်း ဈေးကွက်နှင့် နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

လက်ရှိ ပြည်တွင်း ကားလိုအပ်ချက်အရ စက်သုံးဆီသုံး မော်တော်ယာဉ် (ICE) နှင့် လျှပ်စစ်မော်တော်ယာဉ် (EV) ဝယ်ယူမှုများ အဆမတန် များပြားနေဆဲဖြစ်ပြီး ဈေးကွက် လိုအပ်ချက်အရ ကားဈေးနှုန်းများလည်း ဆက် လက် မြင့်တက်လျက် ရှိကြောင်း စုံစမ်း သိရသည်။

 

အဆိုပါ SWM မော်တော်ယာဉ် တံဆိပ်သည် အီတလီနိုင်ငံမှ တရုတ်နိုင်ငံသို့ ရောင်းချခဲ့သည့် ကုန်အမှတ်တံဆိပ် ဖြစ်ပြီး ပြည်တွင်း၌ SUV ကား အမျိုးအစားများဖြစ်သော SWM G01၊ SWM G01F နှင့် SWM G01 Pro မော်ဒယ်များ လူကြိုက်များကြောင်း သိရသည်။

 

ပြည်တွင်း၌ တစ်စိတ်တစ်ပိုင်း ထုတ်လုပ်တပ်ဆင်သည့် (SKD) စနစ်ဖြင့် မော်တော်ယာဉ်များကို ထိုက်သင့်သည့် ဈေးနှုန်းထက် ပိုမို ရောင်းချပါက ကုမ္ပဏီနှင့် အရောင်းကိုယ်စားလှယ်များကို လုပ်ထုံး လုပ်နည်းအတိုင်း အရေးယူမည်ဖြစ်ကြောင်း ရွေးတုအစိုးရဘက်က ထုတ်ပြန်ထားသော်လည်း မြေပြင် တွင် ကားဈေးနှုန်းများမှာ အဆမတန် မြင့်တက်လျက်ပင် ရှိသည်။

ဓာတ်ပုံ – SWM