ဧရာ၀တီတိုင်းမ်
နိုဝင်ဘာ ၉ ရက်

ဧရာဝတီတိုင်းအတွင်း ရွေးတုအစိုးရ စစ်တပ်က တပ်အင်အားနှင့် ခဲယမ်းများ အမြောက်အမြား ထပ်မံ ဖြည့် တင်းထားရှိသော်လည်း ရေကြည်မြို့နယ်၊ မြောက်စမ်းကျေးရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၄၄) အနီးအနားသို့ အာရက္ခတပ်တော် (AA) တပ်ဖွဲ့များ ထိုးဖောက် ရောက်ရှိလာကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ရွေးတုအစိုးရ စစ်တပ်သည် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှစ၍ မြောက်စမ်း အမြောက်တပ်၏ အနောက်ဘက်ခြမ်း တစ်ခုလုံးကို တပ်အင်အား ဖြည့်တင်းကာ လမ်းကြောင်းတစ်လျှောက် ကင်းစခန်းများ တပ်ဖြန့်ထားသော်လည်း AA တပ်ဖွဲ့များသည် အဆိုပါ အမြောက်တပ် အနီးအနားအထိ ရောက်ရှိလာကြောင်း နိုဝင်ဘာ ၇ ရက်နေ့အထိ စစ်ရေးအခြေအနေများအရ သိရသည်။

‎”ထိုးစစ်က အမြောက်တပ်နဲ့ ကပ်လာပြီလို့ သိရတယ်။ သာပေါင်းကနေ ရေကြည်အစပ်က ဘုရားကြီးတို့၊ ကမ္ဘားကြီးတို့ဘက်လည်း တပ်ဖြန့်ထားပေမယ့် ခုခံစစ် အနေအထား ဖြစ်နေပြီ” ဟု စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် သာပေါင်းမြို့နယ်၊ ရွှေသောင်ယံကို အခြေပြုထားသည့် တပ်မ (၆၆) ၏ နည်းဗျူဟာ တစ်ခုမှာ ရခိုင် ပြည်နယ်၊ ဂွမြို့နယ်အတွင်းသို့ ဝင်ရောက်နိုင်ရန် ကြိုးပမ်းနေသော်လည်း အလှမ်းဝေးကွာ နေဆဲဖြစ်ပြီး ငဝန် (ပုသိမ်) မြစ်ကြောင်းတစ်လျှောက်တွင်သာ စစ်ကြောင်းများ အနေဖြင့် စစ်စခန်းများ တပ်ဖြန့်ထားနိုင်တော့ကြောင်း သိရသည်။

ဂွမြို့နယ်အတွင်း ဝင်ရောက်ရန် ကြိုးစားနေသည့် အဆိုပါ တပ်မ (၆၆) ၏ နည်းဗျူဟာမှာလည်း တိုက်ပွဲများအတွင်း လုံးပါးပါးကာ အင်အား ပြုန်းတီးလျက်ရှိပြီး တိုက်ပွဲအတွင်း စစ်တက္ကသိုလ် (DSA) ဆင်းကာစ လူငယ်အရာရှိများ သေဆုံးသည်အထိ ဖြစ်ပွားလာနေသည်။

အာဏာလု စစ်အုပ်စုသည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့က ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) အတွင်းသို့ အင်အားအပြည့်ပါ စစ်ကား အစီးရေ ၂၀ ဖြင့် ဝင်ရောက်ခဲ့သလို အောက်တိုဘာလ ၂၅ ရက်မှ ၃၁ ရက်အတွင်း၌လည်း ခဲယမ်းနှင့် စစ်ကူပါ စစ်ကား အစီးရေ ၁၀၀ ခန့်အထိ အင်အားဖြည့်တင်းခဲ့သည်။

စစ်တပ်အနေဖြင့် ဧရာ၀တီတိုင်းအတွင်း တပ်ဖြန့် အင်အားများတိုးချထားသော်လည်း လက်ရှိ အခြေအနေမှာ ရခိုင်တောင်ပိုင်းသို့ ထိုးစစ်ဆင်နိုင်သည့် အနေအထား လုံးဝ မရှိတော့ဘဲ စစ်တပ်၏ တိုက်စစ်မှာ ခံစစ်အနေ အထားသို့ လုံးဝ ရောက်ရှိသွားခဲ့ပြီ ဖြစ်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်သည်။

ပုံစာ-AA တပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ပုံဟောင်း)