ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၉ ရက်

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ နိုဝင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ အာဆီယံ ထိပ်သီးအစည်းအဝေး ကျင်းပဖို့ ရှိနေပြီး ရွေးတုသမ္မတ မင်းအောင်လှိုင်ကို မဖိတ်ကြားဖို့ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်ကို အာဆီယံ လွှတ်တော်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR) နဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) တို့က နိုဝင်ဘာ ၉ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

စစ်အုပ်စုအကြီးအကဲ သို့မဟုတ် ထိပ်တန်း တာဝန်ရှိသူတွေကို အစည်းအဝေး ဖိတ်ကြားတာဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် (5PC) ကို ဖျက်ဆီးရာ ရောက်လိမ့်မယ်လို့ APHR နဲ့ SAC-M တို့က ပူးတွဲ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

အာဆီယံ အစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားတာကို ရုပ်သိမ်းလိုက်ရင် စစ်အုပ်စုရဲ့ ရာဇဝတ်မှု ကျူးလွန်မှုတွေမှာ ပူးပေါင်းရာ ရောက်သွားလိမ့်မယ်လို့ APHR နဲ့ SAC-M တို့က ထောက်ပြပါတယ်။

အာဆီယံအဖွဲ့က လျှော့ပေါ့ပေးခဲ့တဲ့ အကြိမ်တိုင်းမှာ စစ်အုပ်စုက လေကြောင်းဗုံးကြဲမှုတွေနဲ့ တုံ့ပြန်ခဲ့တာကို တွေ့ရပါတယ်။

အောက်တိုဘာလအတွင်း စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၁၂ ဦး အပါအဝင် အရပ်သား ၁၀၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းမှာ ဖော်ပြပါတယ်။

စစ်အုပ်စုဟာ ဆေးရုံနဲ့ စာသင်ကျောင်းတွေကိုပါမချန် လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။
အကူအညီပေးမှုတွေကို ကြိုဆိုပေမဲ့ အရပ်သားတွေကို ဗုံးကြဲနေတဲ့ စစ်အုပ်စုကို တရားဝင်မှု မပေးဖို့ APHR နဲ့ SAC-M တို့က အာဆီယံကို တိုက်တွန်းပါတယ်။

ကုလသမဂ္ဂ အထူးသံတမန် ဂျူလီဘစ်ရှော့ပ်က မြန်မာနိုင်ငံရဲ့ နယ်မြေ ၇၀ ရာခိုင်နှုန်းမကကို တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာ ၁၉ ရက်မှာ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က ဂမ်ဘီယာနဲ့ မြန်မာနိုင်ငံအမှု အတွက် အပြီးသတ် စီရင်ချက်ချမှတ်မှာ ဖြစ်ပါတယ်။

မင်းအောင်လှိုင်ကို အာဆီယံ ထိပ်သီးဆွေးနွေးပွဲ မဖိတ်ဖို့၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ အာဆီယံ ခေါင်းဆောင်တွေကို APHR နဲ့ SAC-M တို့က တောင်းဆိုပါတယ်။

News: APHR/SAC-M
Ref; ASEAN Must Confirm that Min Aung Hlaing Is Not Welcome at Its Leaders’ Summit