ဧရာဝတီတိုင်းမ်  ဇူလိုင်လ ၃ ရက်

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ သူတို့လက်အောက်ခံရဲတပ်ဖွဲ့က အရာရှိကြီးတွေ CDM မှာ ပါဝင်မှာကြောက် တာကြောင့် အိပ်ချိန်ကလွဲပြီး ကျန်တဲ့အချိန်တွေမှာ အချိန်ပြည့်နီးပါးစောင့်ကြည့်တာတွေ ပြုလုပ်နေတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းထံက သိရပါတယ်။

နေပြည်တော်ရဲဌာနချုပ်မှာရှိတဲ့ ရဲအရာရှိကြီးတွေကို စစ်ကောင်စီကစောင့်ကြည့်တာတွေလုပ်နေသလို တိုင်းနဲ့ ပြည်နယ်အလိုက်မှာရှိတဲ့ ရဲအရာရှိကြီးတွေကိုလည်း ခရိုင်မှူးအဆင့်ကစပြီး စောင့်ကြည့်တာတွေပြုလုပ်နေ တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နေပြည်တော် ရဲတပ်ဖွဲ့ဌာနချုပ်က ရဲတပ်ဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

“ အာဏာမသိမ်းခင်ထဲက ဖုန်းနံပါတ်တွေက ပေးထားရတာရှိတယ်။  အဲ့တာကလည်း အဆင့်လိုက်ပေးရတာပါ။ ခုတော့ ဒီအရာရှိကြီးတွေရဲ့ ဖုန်းပြောတဲ့စကားကို နားထောင်တာမျိုးနဲ့ ရုံးတက်ရုံးဆင်း စောင့်ကြည့်တာမျိုးတွေ လုပ်လာတာပေါ့”လို့ သူက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်တပ်အာဏာမသိမ်းမီ ၂၀၁၉ နှစ်ကုန်ပိုင်းကစတင်ကာ ရဲတပ်ဖွဲ့ဝင်တွေကို Mytel ဆင်းကဒ်တွေ ထုတ်ပေးပြီး ကိုယ်ပိုင်နံပါတ်နဲ့ စာရင်းပြုစုပြီး စောင့်ကြည့်တာတွေရှိခဲ့သလို လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့ဌာနချုပ်က ရဲအရာရှိကြီးများကို ရုံးတက်ရုံးဆင်းနဲ့ နေအိမ်တွေက အဝင်အထွက်သွားလာမှုကိုပါ စောင့်ကြည့်တာတွေ ပြုလုပ် လာတာ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ်တွေမှာရှိတဲ့ ခရိုင်မှူးအဆင့်ကစလို့ ပြည်နယ်နဲ့ တိုင်းရဲတပ်ဖွဲ့မှူးတွေရဲ့ ဖုန်းနံပါတ်တွေကို အားလုံးယူထားပြီး ဖုန်းပြောဆိုမှုတွေကို ကြားဖြတ်နားထောင်သလို ၁ နာခြား တကြိမ် ရဲတပ်ဖွဲ့ဌာနချုပ်ကို သတင်းပို့ခိုင်းတာတွေ ပြုလုပ်ထားတယ်လို့ရဲတပ်ဖွဲ့အသိုင်းအဝိုင်းထံက သိရပါတယ်။

“ပြည်နယ်နဲ့ တိုင်းတွေမှာဆိုရင် ခရိုင်မှူးအဆင့်က စပြီး ဖုန်းတွေယူထားတာ လုပ်ငန်းသုံးဖုန်းတင်မဟုတ်ဘူး၊ ရှိသမျှဖုန်း အကုန်ယူထားတာ။ ကြားဖြတ်နားထောင်တာတွေလုပ်တာ။ အဓိကတော့ သတင်းအချက်အလက် ပေါက်ကြားမှုနဲ့ CDM လုပ်မှာကြောက်လို့ ထင်တယ်”လို့ ဧရာဝတီတိုင်းက ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းရဲတပ်ဖွဲ့က ရဲမှူးအဆင့် ရဲတပ်ဖွဲ့အရာရှိအကြီးဆုံးပိုင်းအဖြစ် CDM မှာပါဝင်ခဲ့တာမျိုးရှိလို့ အဲ့နောက်ပိုင်း ရဲအရာရှိကြီးအဆင့်တွေကို အဆင့်ဆင့်ထိန်းချုပ်ပြီး မိသားစုဝင်တွေကိုပါ စောင့်ကြည့်တာတွေပြုလုပ်ခဲ့တာလို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီက စစ်အာဏာမသိမ်းခင် လွန်ခဲ့တဲ့ ၅ နှစ်လောက်ကစတင်ကာ ရဲတပ်ဖွဲ့ရဲ့ ရဲမှူးအဆင့် (မြို့နယ်မှူး၊ ဦးစီး၊ ဂျီတူး) စတဲ့နေရာတွေကနေ ရဲမှူးကြီး ရာထူး၊ ရဲမှူးချုပ်ရာထူးအထိ စစ်တပ်က လူတွေကို အစားထိုးခန့်ထားတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းအပြီးနောက်ပိုင်း စစ်တပ်ရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် သတ်ဖြတ်မှု လုပ်ရပ်တွေကို လက်မခံနိုင်တဲ့အတွက် အကြမ်းမဖက်အာဏာဖီဆန်ရေး – CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၅၀၀၀ ကျော်ကနေ ၁ သောင်းဝန်းကျင်အထိ ရှိနိုင်တယ်လို့ CDM ရဲတပ်ဖွဲ့ဝင်တွေက ခန့်မှန်ပြောဆိုပါတယ်။