အောင်မြသန်း/ဧရာဝတီတိုင်းမ်
(မအူပင်)၊ နိုဝင်ဘာလ ၆ ရက်

ရန်ကုန်တိုင်း၊ အလုံမြို့နယ်တွင် ဖမ်းဆီးခံရသည့် ဧရာဝတီတိုင်း၊ မအူပင်မြို့မှ PDF ၅ ဦးအနက် ၃ဦးမှာ ရိုက်နှက်စစ်ဆေးမှုများကြောင့် ပြင်းထန်ဒဏ်ရာများရရှိထားပြီး အချုပ်ခန်းအတွင်း ဆေးကုသခွင့်မရရှိသေးကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

၎င်းတို့ ၅ ဦးမှာ ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးတွင် စစ်ကောင်စီတပ်သားများ၏ ရိုက်နှက်စစ်ဆေးမှုများကြောင့် ၃ ဦးမှာ ဒဏ်ရာမပြင်းအထန် ရရှိထားပြီး ဆေးကုသခွင့် မရရှိသေးခြင်းကြောင့် အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။

“ဖမ်းမိကတည်းက ဒဏ်ရာအပြင်းထန်ရထားတာ။ စစ်ကြေားရေးမှာလည်းအနှိပ်စက်ခံထားရတာကြောင့် ပြင်းထန်တဲ့ဒဏ်ရာတွေရထားတာလေ။ ပထမ မအူပင်မြို့ဆေးရုံကြီးမှာ ဆေးကုသခွင့်ရခဲ့ပေမဲ့ စစ်ကောင်စီကို တော်လှန်နေတဲ့သူတွေဆိုပြီး ဖြစ်သလိုကုသပေးပြီး ရဲစခန်းအချုပ်ထဲမှာပဲ စစ်ကောင်စီကနှိတ်စက်ထားတဲ့ဒဏ်ရာတွေကြောင့် အသက်အန္တရာယ်ပါစိုးရိမ်ရတယ်” ဟု မြို့ပြတော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

၃ ဦးမှာ ဝမ်းဗိုက်၊ ခြေထောက်၊ ခေါင်းတို့မှာ ရိုက်နှက်ထိုးကြိတ်ခံထားရခြင်းကြောင့် အပြင်းအထန်ဒဏ်ရာများရရှိထားပြီး တစ်ဦးမှာမူ ခြေထောက်ပင်ပုပ်လျှက်ရှိနေကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

ဖမ်းဆီးခံထားရသူ ၅ ဦးမှာ ဖမ်းဆီးခံထားရသည့် စိုင်းနောင်(ခ) လက်ယာ ၊မျိုးမင်းဦး၊ ဝေဖြိုးအောင်၊ သူရဦးနှင့် ငြိမ်းချမ်းအောင်တို့ဖြစ်ကြပြီး စိုင်းနောင် (ခ) လက်ယာမှာ ခြေသလုံးတွင်းသံခြေကျင်းခက်ထားသည့်ဒဏ်ရာ သံတုတ်ဖြင့်ရိုက်နှက်ထားသည့်ဒဏ်ရာများကြောင့် ခြေထောက်တစ်ဖက် ပုပ်နေပြီဖြစ်ကြောင်း သိရသည်။

၎င်းတို့ ၅ ဦးအား မအူပင်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားပြီး စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

#မအူပင် #မြို့ပြပြောက်ကျား #စစ်ကောင်စီ #ဖမ်းဆီး #ဒဏ်ရာရ
#Ayeyarwaddy_Times