ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၆ ရက်
ချင်းပြည်နယ် ဟားခါးမြို့နင့် ဖလမ်းမြို့တွင် ၂ ပတ်ကျော်ကြာ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ဒေသခံ ပြည်သူများ အခက်အခဲ ကြုံနေရကြောင်း သိရသည်။
ဟားခါးမြို့မှ ၈ မိုင်ခန့်အကွာရှိ နီပီးရွာ အနီးတွင် မဟာလျှပ်စစ် ဓာတ်အားလိုင်းတိုင် ပြိုကျမှုကြောင့် လျှပ်စစ်ဓာတ်အား အသုံးပြုနေသည့် ဟားခါးမြို့နှင့်ဖလမ်းမြို့တွင် မီးမရခြင်းဖြစ်ကာ လျှပ်စစ်ဓာတ်တိုင် ပြန်ပြင်နိုင်ရန် တစ်လဝန်းကျင် ကြာနိုင်ခြေ ရှိသည်ဟုလည်း ဒေသခံများက ပြောသည်။
ဖလမ်းမြို့ဒေသခံ တစ်ဦးက“မီးမရတာ ကြာလာတော့ မီးသွေး၊ ထင်း၊ ဖယောင်တိုင်တို့ အသုံးပြုရတယ်။ အဲဒါတွေကလည်း ဈေးတက်ပြန်တယ်။ မီးစက်ရှိတဲ့သူကတော့ မီးစက်သုံးကြတယ်။ ဒါပေမယ့် သာမန်လူတွေအတွက်တော့ ပိုခက်ခဲတယ်။ ပုံမှန် ဝိုင်ဖိုင်သုံးလို့ မရဘူး။ ဖုန်းအားသွင်းဖို့ မီးစက်ရှိတဲ့ အိမ်နဲ့ ဆိုလာပြား သုံးတဲ့အိမ်မှာ သွင်းပေမယ့် ကြာလာတော့ အဆင်မပြေတော့ဘူးလေ။ မီးမရရင်တော့ဘာမဆို မပြောတတ်လောက်အောင် အဆင်မပြေမှုတွေပဲ”ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။
လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ဖယောင်းတိုင်ဖိုး ကုန်ကျမှု ရှိသလို ထမင်း ဟင်းချက်ပြုတ်ရာတွင်လည်း မီးသွေး၊ ထင်းများကို အသုံးပြုနေရကြောင်း၊ မီးသွေး ဈေးနှုန်းမှာ ဖလမ်းမြို့တွင် ၁ အိတ် ကျပ် ၁ သောင်းခွဲ ဖြစ်ပြီး ဟားခါးမြို့တွင် ကျပ် ၂ သောင်းဝန်းကျင်ဖြင့် ဝယ်ယူနေရသော်လည်း လိုသလောက် ဝယ်ယူမရတဲ့ အတွက် ထင်းကိုလည်း အသုံးပြုရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
လျှပ်စစ်မီးနှင့် မီးသွေးများကို အဓိကထား အသုံးပြုပြီး အလုပ်လုပ်ကြသည့် စားသောက်ဆိုင်၊ အလှပြင်ဆိုင် စတဲ့ လုပ်ငန်းများတွင်လည်း အခက်တွေ့လာကြရာ ပုံမှန်ဈေးနှုန်းထက် ပိုမို တိုးယူမှုများ ပြုလုပ်နေကြကြောင်းလည်း သိရသည်။
ထို့ပြင် ဝိုင်ဖိုင် ပုံမှန်သုံးမရသဖြင့် အွန်လိုင်း လုပ်ငန်းများလည်း အခက်တွေ့နေကြသည်ဟု ဆိုသည်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်တွင် လျှပ်စစ်မီးများ နာရီ အကန့်အသတ်ဖြင့်သာ ရရှိတော့သည် ဖြစ်ပြီး ဟားခါးနှင့် ဖလမ်းတွင် လက်ရှိ လျှပ်စစ်ဓာတ်တိုင် ပြိုကျမှု ၂ ပတ်ကျော် ရှိနေပြီ ဖြစ်သော်လည်း ပြန်လည် ပြုပြင်နိုင်မှု မရှိသေးသည့် အတွက် လျှပ်စစ်မီး ပြတ်တောက်နေဆဲ ဖြစ်ကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ – MOEE
#ဖလမ်း #ဟားခါး #လျှပ်စစ်မီး #ပြတ်တောက်
#Ayeyarwaddy_Times