ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၅ ရက်
တပ်စခန်းကထွက်ပြေးတာ၊ CDM လုပ်တာတွေကိုကြောက်ရွံ့တဲ့အတွက် စစ်ကောင်စီတပ်ခေါင်းဆောင်တွေက ကရင်ပြည်နယ်ရှေ့တန်းစစ်စခန်းတွေမှာ ကွပ်ကဲမှု
မတူတဲ့ တပ်ရင်းတွေကို ရောထွေးနေရာချထားတယ်လို့ သတိရပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်တွေကတိုက်ပွဲတွေအပြင်း အထန် ဖြစ်ပွားနေတဲ့ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းက ရှေ့တန်းစစ်အခြေစိုက်စခန်းတွေရဲ့ တပ်နေရာချထားမှုတွေမှာ ကွပ်ကဲမှုမတူညီတဲ့တပ်ရင်းတွေကို ပူးတွဲရောထွေးနေရာချထားတာဖြစ်ပြီး အချင်းချင်း၊ ယုံကြည်မှုမရှိအောင် လုပ်ထားတာလို့ တပ်မ ၄၄ ကနေ KNU ထံအလင်းဝင်ရောက်ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
”ဒီဘက်ကိုစပြီးစစ်ဆင်ရေးဝင်တော့ စကခ ၁၃ တပ်တွေက နဂိုထဲကရှိတယ်။ သူတို့ကသပ်သပ်ပေါ့၊ ဒီ တပ်မဟာ ၆ ဂွင်တော့တူတယ်။ ဒါပေမယ့် ကိုယ့်တပ်မနဲ့ကိုဘဲပေါ့၊ ကျနော်တို့ ၄၄ ဆိုလဲ ၄၄ အောက်က တပ်ရင်း တွေလည်း သူတို့ချပေးတဲ့စခန်းတွေ ကုန်းတွေမှာနေရတာ။ ဒီနောက် ပိုင်း သတိထားမိလာတာက ၄၄ တွေ ချည်းပူးတွဲပြီးမထားတော့ဘူး။ တခြားမသိတဲ့ စကခ ၁၃ ကတပ်တွေပို့လာတယ်။ ကျနော်တို့ဆီကလူတွေ ကိုလည်းခွဲထုတ်ပြီး တခြား စကခ ၁၃ အထိုင်စခန်းတွေကိုပို့တယ်။ ကျနော်တို့စခန်းဆိုလဲ စကခ ၁၃ တပ် တွေက ၁၀ ယောက် ၁၅ ယောက်၊ ကျန်တာက ကျနော်တို့ ၄၄ ကပေါ့ အဲ့ဒီလိုမျိုးတွေ တွဲပြီးချတာ”လို့ စက်တင်ဘာလအတွင်းက KNU ထံ CDM ပြုလုပ်ပူးပေါင်းသွားတဲ့ တပ်မ ၄၄ လက်အောက်ခံတပ်ရင်းတခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်( စကခ ၁၃)၊ အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်(တမခ ၄၄) တပ်မတွေရဲ့ လက်အောက်ခံတပ်ရင်းတွေနဲ့ တိုက်ခိုက်ရေး ဝင်ရောက်နေတာဖြစ်ပြီး အဲ့ဒီတပ်မတွေမှာ စကခ ၁၃ နဲ့လက်အောက်ခံတပ်ရင်းတွေဟာ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်အတွင်းမှာ အခြေစိုက်တာဖြစ်ပြီး တပ်မ ၄၄ နဲ့လက်အောက်ခံတပ်ရင်းတွေကတော့ မွန် ပြည်နယ်၊ ကျိုက်ထို၊သထုံ၊ဘီးလင်းနဲ့ပေါင်မြို့နယ်တွေမှာ အခြေစိုက်တဲ့တပ်တွေဖြစ်တာကြောင့် နေရာဒေသခြင်းလည်းဝေးကွာသလို စစ်တိုင်းကွပ်ကဲမှုချင်းလည်းမတူညီတဲ့တပ်တွေဖြစ်ပါတယ်။
ရှေ့တန်းစစ်စခန်းက စစ်ကောင်စီတပ်သားတွေ KNU ထံ အလင်းဝင်ရောက်မှုတွေများ ပြားလာပြီးတဲ့နောက် စစ်ကောင်စီတပ်အကြီးတန်းအရာရှိတွေက စစ်အခြေစိုက်စခန်းတွေမှာ အဲ့ဒီတပ်မ ၂ ခုရဲ့ လက်အောက်ခံတပ်တွေကို ရောထွေးပြီး ထားရှိလာတာလို့ဆိုပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ အုပ်စုလိုက်ဘက်ပြောင်း CDM လုပ်ဆောင်မှုတွေရှိနေတဲ့အပေါ် စစ်ကောင်စီ တပ်အကြီးတန်းအရာရှိတွေက မတူညီတဲ့ တပ်တွေ ကိုရောထွေးပြီးပူးတွဲနေရာချထားတာဟာ အချင်းချင်း မသိနိုင်တဲ့ စစ်ကောင်စီတပ်သားတွေကိုတွဲဖက်ထားပြီး ထိန်းချုပ်ဖို့အတွက်လုပ်ဆောင်လာတာဖြစ်ပြီး အောက်ခြေကိုယုံ ကြည်မှုမရှိတော့တာလို့ CDM တပ်မတော်သားများက ပြောပါတယ်။
”ဒီစစ်စခန်းတွေကနေ အဲ့ဒီလို အဖွဲ့လိုက် CDM လုပ်ပြီးဘက်ပြောင်းတာတွေများလာတော့ ရှေ့တန်းအတူတူ ထွက်လာတဲ့တပ်တွေကိုတွဲမထားတော့တာ။ အဓိက ကတော့ အချင်းချင်းသိနေတဲ့သူတွေစုမထားချင်တာပေါ့။ ၄၄ တွေချည်းစုထားရင် ပြေးဖို့တိုင်ပင်နေလည်း မပြေးနိုင်သေးတဲ့သူဆိုရင်တောင် မသိချင်ယောင်ဆောင် ပေးမှာပေါ့။ အခုက တခြားမတူတဲ့တပ်က လူတွေနဲ့တွဲထားတော့ ပြေးဖို့စီစဉ်နေတာသူတို့သိခဲ့ရင် အထက်ကို ပြန်ပြီးသတင်းပို့တာတွေလုပ်လာနိုင်တာပေါ့။ အဲ့ဒီလိုမျိုးနဲ့လှည့်ထိန်းတာ။ ပြေးဖို့အစီအစဉ်ရှိတယ် စီစဉ်နေ တယ်ဆိုရင်တောင် အရင်ထက်နည်းနည်းပိုခက်သွားနိုင်တာပေါ့”လို့ လွတ်မြောက်နယ်မြေရောက် CDM တပ်မတော်သားတဦးကပြောပါတယ်။
စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေအနေနဲ့ အောက်ခြေမြေပြင်စစ်ကောင်စီတပ်မှူးတွေကိုယုံကြည်မှုမရှိတာ ကြောင့် အခုလိုကွပ်ကဲမှု မတူညီတဲ့တပ်တွေကို ရောထွေးချထားပြီး တိုက်ရိုက်ကွပ်ကဲမှုတွေလုပ်ဆောင် လာတာလို့ CDM တပ်မတော်သားအရာရှိတဦးကပြောပါတယ်။
”ပြေးတဲ့သူများလို့အဲ့ဒီလုပ်ဆောင်တာအသေချာဘဲဖြစ်တယ်၊ နောက်တခု အဓိက က အောက်ခြေကို မယုံတာ ပေါ့၊ အောက်ခြေမှာ တကယ်ပွဲပျက်ပြီဆိုအဲ့တာမျိုးလုပ်တော့တာ ။ အဲ့ဒီလိုကွပ်ကဲမှုမတူတဲ့ တပ်တွေရော ထည့် ထားပြီး တိုင်းမှူးတို့ ကစထမှူးတို့က တိုက်ရိုက်ကွပ်ကဲချင်တာပေါ့။ အဲ့ဒီမှာ စခန်းတခုထဲမှာ တပ်က ၂ တပ်ဆိုတော့ အောက်ကကောင်တွေက ဘသူ့အဖေခေါ်ရ မှန်းမသိတွေဖြစ်ကုန်ရော။ နောက်ပြီး ပတ်ချုပ်တာပေါ့၊ အောက်က ညာလို့မရတော့ဘူးပေါ့ အောက်က နစသ (နေ့စဉ်စစ်ဆင်ရေးအစီရင်ခံစာ) တင်တာမှာ လိမ်ချင်တယ်ဆိုရင်တောင်ခက်သွားတာပေါ့။ အောက်ခြေက ကွန်မန်ဒါ တပ်ရင်းမှူး၊တပ်မမှူးတွေ ဆီကလည်း လုပ်ပိုင်ခွင့်ကိုပြန်ယူချင်တယ်။ တာဝန်ခံခိုင်းချင်တာ ကြတော့လည်း သူတို့ကိုဘဲ အပြည့်အ၀ တာဝန်ခံခိုင်းချင်တယ်ဆိုတာမျိုး၊ အောက်ကကောင်တွေလည်း မကြာပါဘူး ထပ်ကွဲမှာဘဲ” လို့ CDM တပ်မတော်သား Captain Zin Yaw ကပြောပါတယ်။
ဒါ့အပြင် အဲ့ဒီလိုကွပ်ကဲမှုမတူတဲ့တပ်တွေကို ရောထွေးချထားတာကြောင့် အောက်ခြေမှာ တိုက်စွမ်းအားတွေ ပါကျဆင်းလာကာ ကွပ်ကဲမှုပျက်ပြားပြီး ထိန်းသိမ်းရခက်ခဲလာတယ်လို့ ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။
”သူ့ရဲ့စစ်ထွက်သဘောမှာကိုက ဂွင်တဂွင်ကိုထည့်ပြီဆိုရင် တပ်မတွေက သူ့ကွပ်ကဲမှု ၁၀ ရင်းကိုပေါင်းပြီး တော့မှ တရားဝင်ထွက်ရတာ ။ ရှေ့တန်းရောက်ပြီးကာမှ အဲ့ဒီလိုမျိုးရောပြီး ကွပ်ကဲလိုက်ပြီဆိုရင် မြေပြင်တိုက်ပွဲ တွေမှာ သူတို့ရဲ့တိုက်စွမ်းအားပေါ့နော်၊ တိုက်စွမ်းအားပါကျသွားတာ။ ဘာလို့ဆို ငါ့တပ်မဟုတ်ဘူး၊ ငါ့ကွပ်ကဲမှုမဟုတ်ဘူး၊ ငါကလာတွဲနေတာဆိုတာမျိုးပေါ့။ တခါတလေကျတော့လည်း အောက်ကငယ်တဲ့ကောင်ကို ထိုးကျွေးလိုက်တာမျိုးပေါ့။ ဥပမာ ၄၄ အောက်ကို တခြား စကခ ၁၃ ကတပ်ရင်း ၁ ရင်းကလူတွေ ရောက်နေတယ်ဆို အမိန့်ပေးရတဲ့တပ်က အဲ့ဒီတပ်ရင်းချည်းဘဲလှိမ့်ခိုင်းတာမျိုးပေါ့၊ အဲ့ဒီ လာတွဲတဲ့ဧည့်သည်တပ်ကကောင်တွေက ခံရတာပေါ့။ အဲ့တပ်ကလည်းသူတို့ချည်းဖိခိုင်းနေတာများလာရင် ဖြစ်ချင်ရာဖြစ်မလုပ်တော့ဘူးဆိုတာမျိုးတွေ ဖြစ်လာတာ” လို့ သူက ပြောပါတယ်။
KNU တပ်မဟာ ၅ နဲ့ ၆ နယ်မြေအတွင်းမှာ ဘုတ်ပြင်းအခြေစိုက် စကခ ၁၃ တပ်မအောက် တပ်ရင်းတွေနဲ့ ထားဝယ်အခြေစိုက် စကခ ၈ တပ်မအောက် တပ်ရင်းတွေဟာ တိုက်ခိုက်ရေးဝင်ရောက်နေတာဟာ ၂ နှစ်ကျော် ကာလရှိပြီဖြစ်ပြီး တပ်မ ၄၄ ကတော့ လေးကေ့ကော်ဒေသတိုက်ပွဲတွေစတင်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ကစလို့ တပ်မဟာ ၆ နယ်မြေထဲကို စစ်ကြောင်းထိုးတိုက်ခိုက်ရေးဝင်ရောက်နေတာ ၁ နှစ်နီးပါးရှိပြီဖြစ်ပါတယ်။
အဲ့ဒီတပ်မတွေနဲ့ ကရင်ပြည်နယ်တကျော့ပြန်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က တပ်မ ၄၄ က ဗျူဟာမှူးအဆင့်အပါဝင်ထိခိုက်သေဆုံးမှုတွေများပြားနေပြီး စခန်းသိမ်းတိုက်ပွဲတွေနဲ့ ထိတွေ့တိုက်ပွဲတွေမှာ သေဆုံးဒဏ်ရာရ၊ အရှင်ဖမ်းဆီးရမိတွေနဲ့ လက်နက်ခဲယမ်းအများအပြားကိုလည်း ကရင့်ပူးပေါင်းတပ်တွေက သိမ်း ဆည်းရမိထားတာပါ။
ဒါ့အပြင် အဲ့ဒီတပ်မတွေကွပ်ကဲနေတဲ့ရှေ့တန်းစစ်အခြေ စိုက်စခန်းတွေကနေ အောက်ခြေစစ်ကောင်စီတပ်ဖွဲ့ဝင် များမှ ဗိုလ်မှူးအဆင့်အပါအဝင် စစ်ကောင်စီတပ်သားအများအပြား KNU တပ်ရင်းတွေဆီကိုအုပ်စုလိုက်အလင်းဝင်ဘက်ပြောင်းမှုတွေ အများအပြားရှိနေတယ်လို့ KNLA သတင်းရင်းမြစ်တွေဆီကသိရပြီး နိုဝင်ဘာလ ၄ ရက် နေ့ကဘဲ တပ်မဟာ ၆ နယ်မြေအတွင်းက တပ်မ ၄၄ လက်အောက်ခံ ခမရ ၂ တပ်ရင်းက တပ်သား ၁ ဦး KNLA တပ်ရင်း ၂၇ ကော်ဘရာစစ်ကြောင်းထံကို အလင်း ဝင်ရောက်ပူးပေါင်းလာခဲ့ပါသေးတယ်။
ဓာတ်ပုံ – ပုံဟောင်းများဖြစ်ပါသည်။
#ကရင်ပြည်နယ် #ရှေ့တန်း #Ayeyarwaddy_Times