ဧရာဝတီတိုင်းမ်
(နမ့်ဆန်)၊ နိုဝင်ဘာလ ၆ ရက်

တအာင်း(ပလောင်)၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြည်သူ့ဆေးရုံမှ ကိုဗစ်ကာကွယ်ဆေးထိုးရန် ကွင်းဆင်းလာသည့် Non-CDM ကျန်းမာရေး ဝန်ထမ်း(၆)ဦးအား နိုဝင်ဘာလ ၄ ရက်နေ့ ညနေပိုင်းက တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

PSLF/TNLA၏ ကျန်းမာရေးဌာနမှ ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာများအနေဖြင့် စစ်ကောင်စီ၏ ကိုဗစ်ကာကွယ်ဆေးအား မထိုးနှံကြရန် တားမြစ်ထားပြီး လာရောက်ထိုးနှံမည့် စစ်ကောင်စီကျန်းမာရေးဝန်ထမ်းများကိုလည်း သတိပေးပြောဆိုမှု ပြုလုပ်ခဲ့ကြောင်း အာရမ်းကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

” သူတို့ကို လာမထိုးဖို့ ကြိုတင်သတိပေး ပြောထားတာရှိသလို ကျနော်တို့ ရွာခံတွေကိုလည်း ကိုဗစ်ကာကွယ်ဆေးလာထိုးပေးရင် မထိုးဖို့ ပြောထားတယ်။ အဲဒါကို သူတို့က လာထိုးတော့ ဒီမှာ တာဝန်ရှိတဲ့ TNLAက မြိူ့နယ်မှူးနဲ့ သူ့လူတွေက ဖမ်းလိုက်တာ။ ပြီးတော့သူတို့က စစ်ကောင်စီရဲ့ လက်အောက်ခံ Non-CDMဝန်ထမ်းတွေဖြစ်လို့နေမှာ ဒါကြောင့် ဖမ်းသွားတာ”ဟု အာရမ်းကျေးရွာ​ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းကဲ့သို့ နမ့်ဆန်ပြည်သူ့ဆေးရုံမှ Non-CDM ကျန်းမာရေးဝန်ထမ်း(၆)ဦးဖမ်းဆီးခံရပြီးနောက် မြို့အဝင်၊ အထွက်နေရာများတွင် စစ်ကောင်စီတပ်မှ လမ်းသွား လမ်းလာပြည်သူများအား စစ်ဆေးမေးမြန်းမှု တင်းကြပ်စွာ ပြုလုပ်နေကြောင်း သိရသည်။

ဇူလိုင်လအတွင်း၌ စစ်ကောင်စီလက်အောက်ခံ နမ့်ဆန်မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ စိုင်းစိုးဟိန်းက CDM ကျန်းမာရေးဝန်ထမ်းများအား Non-CDMပြန်လုပ်ရန် ဖိအားပေးပြောဆိုခဲ့ကြောင်း CDM ကျန်းမာရေးဝန်ထမ်းအချို့ထံမှ သိရသည်။

ဓာတ်ပုံ – TNLA တပ်ဖွဲ့ဝင်တစ်ဦးအား မြင်တွေ့ရစဥ်
#နမ့်ဆန် #ပြည်သူ့ဆေးရုံ #Non-CDM #ကျန်းမာရေးဝန်ထမ်း #TNLA #ဖမ်းဆီး
#Ayeyarwaddy_Times