ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၆ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့ နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၁ ဦး ကို နိုဝင် ဘာလ ၅ ရက် ယမန်နေ့ မနက် ၈ နာရီဝန်းကျင်တွင် သေ နတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PPDF ကသတင်းထုတ်ပြန်သည်။
ပစ်ခတ်ခံရသူမှာ ကြို့ပင်သာအုပ်စု၊ဖားယားကြီးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဆောင်းတင်ဆိုသူ ဖြစ်ပြီး ၄င်း၏နေအိမ်မှာပင် ထောက်ခံစာတံဆိပ် တုံးထုပေးနေစဥ်ပစ်သတ်ခံရခြင်းဖြစ်ကြောင်းသိရသည်။
“ထောက်ခံစာလုပ်မယ်ဆိုပြီး သူက တံဆိပ်တုန်းကို ငုံ့ပြီးနှိပ်နေတုန်း ပစ်ခဲ့တာဆိုတော့ ငရဲမှာဆက်ပြီး နှိပ်နေပေါ့။ ထောက်တိုင်အုပ်ကြီးတွေ အကုန်လုံးကိုရှင်းလင်းသွားမှာပါ။ ဆက်လုပ်နေသူတွေကိုလည်း အပြစ်ပေး ရှင်းလင်းသွားမှာပါ”ဟု PPDF နွေဦးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
၎င်းမှ စစ်ကောင်စီ၏ ထောက်တိုင်မှန်သမျှနှင့် မနုတ် ထွက်သေးသည့် အုပ်ချုပ်ရေးမှူးမှန်သမျှကို ဆက် လက်သုတ်သင်သွားမည်ဖြစ်သည်ဟုလည်းဆိုသည်။
ဒေသခံတစ်ဦး၏ပြောပြချက်အရ “မနက်က ထောက်ခံ စာလုပ်မလို့ဆိုပြီး ရောက်လာတာ။ အဲဒါအုပ်ကြီးက ရေးပြီးတော့တံဆိပ်တုံးငုံ့ထုနေတုန်းမှာ ခေါင်းကိုပစ်သွားတာ။ ခေါင်းပွင့်ပြီး ပွဲချင်းပြီးသေသွားတာ”ဟု ဧရာဝတီတိုင်းမ်ကို အတည်ပြုပြော သည်။
ပစ်သတ်ခံခဲ့ရသည့် ပေါင်းတည်မြို့နယ် ဖားယားကြီးရွာ အုပ်ချုပ်ရေးမှူးဆောင်းတင်သည် စစ်ကောင်စီတပ်များကို သတင်းပေး၍ ဒလန်ပြုလုပ်နေလျက်ရှိ ပြီး သတိပေးစာများလည်း မကြာခဏရရှိကြောင်း သိရှိရသည်။
အဆိုပါပစ်ခတ်မှုကို PPDF တပ်ရင်း (၃၆၀၁)တပ်ခွဲ ၅ နွေဦးအဖွဲ့မှ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင်များအထိအခိုက် မရှိကြောင်း သိရှိရသည်။
#ပေါင်းတည် #စစ်ကောင်စီခန့် #အုပ်ကြီး #ပစ်သတ်ခံရ #PPDF #Ayeyarwaddy_Times