ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၆ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက် မြတ်တိုရပ်မှာ နိုဝင်ဘာလ ၅ ရက်နေ့ နေ့လည်ပိုင်းက စသုံးလုံးရုံးရှေ့ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဗုံးပေါက်ကွဲပြီးနောက်ပိုင်းမှာ အမျိုးသမီး ၁ ဦးအပါဝင် စုစုပေါင်း ဒေသခံပြည်သူ ၅ ဦးလောက်ကို စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ဖမ်းတာက သူတို့စိတ်ထဲထင်ရင်ဖမ်းတာပဲ ပြီးတော့ မက်စ်အမည်းရောင်တပ်ထားတဲ့ မိန်းကလေး ၁ ဦးလည်းအဖမ်းခံရတယ်ကြားတယ် ညနေအထိဆို အဖမ်းခံရတာ ၅ ဦးလောက်ရှိပြီ”လို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကိုတော့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ ကန်ကြီးထောင့် ပကဖ တို့ပူးပေါင်းဆောင်ရွက်ခဲ့ တာဖြစ်တယ်လို့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒါပေမယ့် စစ်ကောင်စီတပ်သားတွေနဲ့ လက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေကတော့ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားတိုင်း ဒေသခံပြည်သူတွေကို စွပ်စွဲဖမ်းဆီးလေ့ရှိတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
#ပုသိမ်စသုံးလုံး #ဗုံးပေါက်ကွဲ #ဒေသခံဖမ်းဆီးခံရ #Ayeyarwaddy_Times