ဆောင်းပါးရှင် – သံလက်သီး
နိုဝင်ဘာလ ၅ ရက်
စစ်အာဏာရှင်တွေ အကြောက်ဆုံးက ပြည်သူတွေ နိုင်ငံရေးအပေါ် စိတ်ပါဝင်စားတာ၊ စိတ်အားထက်သန်တာကို အကြောက်ဆုံး ဖြစ်သည်။ ထို့ကြောင့်လည်း အာဏာရှင်တို့က ပွဲလမ်းသဘင်၊ အပျော်အပါး၊ လောင်းကစားနှင့် မူးယစ်ဆေးဝါးများဖြင့် ပြည်သူတို့၏ ခံယူချက်၊ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တပျက်စီးစေရန် နည်းမျိုးစုံဖြင့် ခေတ်အဆက်ဆက် ဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်။
ယခုလည်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တန်ဆောင်တိုင်ကာလမှာ မြန်မာပြည်တလွှား ပွဲလမ်းသဘင်တွေ ခြိမ့်ခြိမ့်သဲ ကျင်းပပြီး ပြည်သူတွေကို အာရုံလွှဲကာ နိုင်ငံရေးအမြတ်ထုတ်ဖို့ ပြင်ဆင်နေသည်။ နိုင်ငံရေးစိတ်ပါဝင်စားသော ပြည်သူတို့၏စိတ်ဓာတ်များကို အာရုံလွှဲကာ ရိုက်ချိုးဖျက်ဆီးဖို့ အကြီးအကျယ် ကြိုးပမ်းနေသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက မင်းအောင်လှိုင်ဦးဆောင်သည့်စစ်တပ်က တိုင်းပြည်အာဏာကို အဓမ္မ သိမ်းယူပြီးနောက်ပိုင်း မြန်မာပြည်သူလူထုသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက် (အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့) တွင် ၁ ကြိမ်၊ အာဏာသိမ်းမှု ၁ နှစ်ပြည့်ကာလ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ၁ ကြိမ် တိတ်ဆိတ်ခြင်းသပိတ်ဖြင့် အိမ်ပြင်မထွက်ဘဲ ငြိမ်သက်စွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
မြန်မာပြည်သူတို့၏ စည်းလုံးညီညွတ်စွာဖြင့် စစ်အာဏာရှင်များကို ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့သော တိတ်ဆိတ်ခြင်း သပိတ်သည် ကမ္ဘာကျော်ခဲ့ပြီး မင်းအောင်လှိုင်တို့ စစ်အုပ်စု ထိတ်လန့်တုန်လှုပ်ခဲ့ကြသည်။
ပြည်သူတို့၏ တိတ်ဆိတ်ခြင်းသပိတ်ကို ကြောက်ရွံ့ခဲ့သော မင်းအောင်လှိုင်က ပြည်သူလူထုကို အပျော်အပါးဖြင့် ဖမ်းစားရန်အတွက် ၂၀၂၂ ခုနှစ်၊ သင်္ကြန်ပွဲတော်ကို အစည်ကားဆုံးဖြစ်အောင် စီစဉ်ခဲ့သည်။
အလွန်တရာ ပျော်စရာကောင်းသော မြန်မာ့ရိုးရာသင်္ကြန်ပွဲ မဆင်နွှဲရသည်မှာ ၂ နှစ်ရှိပြီဖြစ်သောကြောင့် ၂၀၂၂ ခုနှစ် သင်္ကြန်ပွဲလုပ်လျှင် ပြည်သူတွေ အုံလိုက်ကျင်းလိုက် ပါဝင်ဆင်နွှဲကြမည်ဟု စစ်ခေါင်းဆောင်တို့ ယူဆခဲ့သည်။ ထို့ကြောင့်လည်း ငွေကုန်ခံကာ သင်္ကြန်မဏ္ဍပ်ကြီးများ တည်ဆောက်ပြီး လူစည်ကားဖို့ နည်းမျိုးစုံ စီစဉ်ကြသည်။
မြန်မာပြည်သူများကလည်း စစ်အုပ်စု၏ သင်္ကြန်ပွဲကို ညီညွတ်စွာ စုပေါင်းသပိတ်မှောက်ကြသဖြင့် ဟီးဟီးထနေသော သင်္ကြန်မဏ္ဍပ်ကြီးများ၌ လည်သူမရှိ၊ ကသူမရှိ၊ ရေပက်ခံသူမရှိဘဲ သုဿာန်တစပြင်ကဲ့သို့ ခြောက်ကပ် တိတ်ဆိတ်ကာ မင်းအောင်လှိုင်တို့အုပ်စု မရှုမလှရှုံးနိမ့်ကာ အရှက်တွေဗြန်းဗြန်းကွဲကြပြန်သည်။
ယခုလည်း တန်ဆောင်တိုင်ပွဲတော်ကိုအကြောင်းပြု၍ တနိုင်ငံလုံး ဒေသအသီးသီး၌ စည်ကားစေရန် မင်းအောင်လှိုင်က နည်းမျိုးစုံဖြင့် ကြံစည်ဆောင်ရွက်နေပြန်သည်။
စာရေးသူအမြင်အရ မင်းအောင်လှိုင်၏ စစ်ကောင်စီက အဆိုပါ ပွဲလမ်းသဘင်များ ကျင်းပရခြင်း၏နောက်ကွယ်၌ နိုင်ငံရေး အမြတ်ထုတ်မည့် အဓိကရည်ရွယ်ချက် ၃ ခု ရှိသည်။
ပထမရည်ရွယ်ချက်က ၎င်းတို့အာဏာသိမ်းစစ်ကောင်စီကို အပြင်းအထန် ဆန့်ကျင်ခဲ့ကြသည့် ပြည်သူလူထုကို ပွဲလမ်းသဘင်၊ အပျော်အပါးများဖြင့် ပြန်လည်စည်းရုံးရန် ဖြစ်သည်။
ဒုတိယရည်ရွယ်ချက်က ၎င်းတို့အာဏာသိမ်းစစ်ကောင်စီ၏အုပ်ချုပ်မှုအောက်တွင် ပြည်သူများ အေးချမ်းပျော်ရွှင်နေကြောင်း၊ ၎င်းတို့ကျင်းပသော ပွဲလမ်းသဘင်များ၌ ပြည်သူတွေ စည်ကားစွာ ပူးပေါင်းပါဝင်လျှက်ရှိကြောင်း ပြည်တွင်းပြည်ပသို့ ဝါဒဖြန့်ဖို့ ဖြစ်သည်။ (ယခင်ကလည်း ဘုရားတွေ၊ ကမ်းခြေတွေမှာ လူစည်ကားနေသည့်ပုံများဖြင့် စစ်ကောင်စီက အကြိမ်ကြိမ် ဝါဒဖြန့်ခဲ့ကြပြီးလည်း ဖြစ်သည်။)
တတိယရည်ရွယ်ချက်က အပျော်အပါး ပွဲလမ်းသဘင်များကြောင့် ပြည်သူတွေ နိုင်ငံရေးစိတ်မဝင်စားဘဲ လူပေါင်းများစွာ အသက်သွေးချွေးပေးဆပ်ခဲ့ကြသည့် “မြန်မာ့နွေဦးတော်လှန်ရေး”ကို မေ့သွားကြဖို့၊ တနည်းအားဖြင့် ပြည်သူတွေ သွေးအေးသွားကြဖို့ ဖြစ်သည်။ “မြန်မာ့နွေဦးတော်လှန်ရေး” ကျရှုံးမှ သူတို့ စစ်ကောင်စီ စိတ်တိုင်းကျ အုပ်ချုပ်လို့ရမည်ကိုး။
“တန်ဆောင်တိုင်မှာလုပ်တဲ့ ပွဲတော်ကြီးတွေက ဟိုးကတည်းက ကျင်းပခဲ့တာလေ။ အခု ပြန်ကျင်းပတာ ဘာထူးဆန်းသလဲ။ လူတွေ မွန်းကြပ်နေတာ ကြာပြီ။ ပွဲလမ်းသဘင်သွားပြီး အပန်းဖြေကြတာ ဘာထူးဆန်းသလဲ။ ဘုရားသွား ကုသိုလ်ပြုတာ အပြစ်လား”ဟု စောဒက တက်ချင်စရာရှိသည်။
ကိုယ်က ကုသိုလ်ပြုရန် ဘုရားသွားတာ၊ စျေးဝယ်ဖို့ စျေးပွဲတော်သွားတာ မှန်သော်လည်း ကိုယ့်လုပ်ရပ်က စစ်အာဏာရှင်တို့ ဝါဒဖြန့်ဖို့ ပါရမီဖြည့်ပေးသလို ဖြစ်နေသည်ကို သတိမူကြဖို့ လိုပါသည်။ စိတ်မွန်းကြပ်မှုကို ဖြေလျှော့မည်ဆိုလျှင်ပင် စစ်အာဏာရှင်တို့ အသုံးချခံမဖြစ်သည့်နည်းလမ်းများဖြင့် ဆောင်ရွက်သင့်သည်ဟု ထင်မြင်မိသည်။
၁၉၈၈ ခုနှစ်နောက်ပိုင်း လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်ကာလကို ပြန်ကြည့်လိုက်ပါ။ စစ်အာဏာရှင် ဗိုလ်သန်းရွှေသည် ဘာသာရေးအကြောင်းပြ၍ပြုလုပ်သော ပွဲလမ်းသဘင်များ၊ အပျော်အပါးများဖြင့် ပြည်သူလူထုကို စည်းရုံးသိမ်းသွင်း၍ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုအဆင့်အတန်း နိမ့်ကျစွာဖြင့် ပြည်သူများကို ဆင်းရဲတွင်းထဲပို့ထားကာ နှစ်ပေါင်း ၂၀ ကျော် တိုင်းပြည်ကို အုပ်ချုပ်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
ယခုလည်း မင်းအောင်လှိုင်သည် ၎င်း၏အာဏာတည်မြဲရေးနှင့် မြန်မာပြည်ကို နှစ်ပေါင်းများစွာ အုပ်ချုပ်နိုင်ရေးအတွက် အာဏာရှင်တို့ ကျင့်သုံးနေကျ နည်းလမ်းဟောင်းကြီးအတိုင်း ပြည်သူလူထုကို ပွဲလမ်းဘသင်၊ အပျော်အပါး၊ လောင်းကစားဖြင့် ခံယူချက်၊ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တပျက်စီးစေရန် ဖျားယောင်းသွေးဆောင် ဖျက်ဆီးနေပြီဖြစ်သည်။
သမိုင်းပညာရှင်ကြီး ဒေါက်တာ သန်းထွန်းက သမိုင်းကို မ“အ” အောင် သင်ရသည်ဟု ပြောသည်။ ယခင်ခေတ်က ကျွန်ုပ်တို့ “အ”ခဲ့၍ စစ်အာဏာရှင်တို့၏ထောင်ချောက်အတွင်း သက်ဆင်းကာ နှစ်ပေါင်းများစွာ စစ်ကျွန်ဖြစ်ခဲ့ကြသည်။
ဒီမိုကရေစီအလင်းရောင်လေး ခေတ္တရခဲ့၍ အမှောင်ထဲမှ အလင်းကို ကျွန်ုပ်တို့တတွေ မြင်တွေ့ခဲ့ရသည်။ ယင်းအလင်းရောင်မှပေးသောခွန်အားဖြင့် ဒီမိုကရေစီ ငတ်မွတ်တောင့်တသောဆန္ဒဖြင့် ကျွန်ုပ်တို့ ပြည်သူတွေ စစ်အာဏာရှင်ကို စုပေါင်းကာ အပြင်းအထန် တော်လှန်ခဲ့ကြသည်။
စစ်အာဏာရှင် မင်းအောင်လှိုင်က ၎င်းနှစ်ပေါင်းများစွာ အာဏာဆုပ်ကိုင်ထားနိုင်ဖို့ ပြည်သူတွေ “တုံး” “အ” ကာ အကြောက်တရားကြီးစေဖို့ အပြင်းအထန် ကြိုးစားနေသည်။ မြန်မာပြည်သူများ မင်းအောင်လှိုင်၏ ပွဲလမ်းသဘင်၊ အပျော်အပါး၊ လောင်းကစားနှင့် မူးယစ်ဆေးဝါး မာယာထောင်ချောက်ထဲ မသက်ဆင်းမိကြဖို့ လိုသည်။
နောက်ကွယ်တွင် စစ်အာဏာရှင် မင်းအောင်လှိုင်၏ “မြန်မာပြည်ကလူတွေက ကောက်ရိုးမီးပါကွာ။ ပွဲလမ်းဘသင်၊ အပျော်အပါး၊ လောင်းကစားနဲ့ အာရုံလွှဲထားရင် ရတဲ့သူတွေပါ”ဟူ၍ တွေးတော လှောင်ပြောင် နေမည့်အဖြစ်ကို သတိချပ်ကြဖို့ လိုသည်။
စစ်အာဏာရှင်ခေတ်အဆက်ဆက် ကျွန်ုပ်တို့ မျိုးဆက်ပေါင်းများစွာ ဆယ်စုနှစ်ပေါင်းများစွာ ဖြတ်သန်း ရင်ဆိုင် ခဲ့ရသည့်ဒုက္ခများကို ပြန်သုံးသပ်ကြဖို့လိုသည်။ ကျွန်ုပ်တို့ မ“အ” သင့်တော့ပေ။
#အတွေးအမြင် #ဆောင်းပါး #ပွဲလမ်းဘသင် #တန်ဆောင်တိုင် #Ayeyarwaddy_Times