ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၅ ရက်

နယ်စပ်မြောက်ဘက်မှာ မြောက်ကိုရီးယားစစ်လေယာဉ် အစင်း ၁၈၀ ခန့် လေးနရီကျော်ကြာ ပျံသန်းနေ တာကို ထောက်လှမ်းတွေ့ရှိပြီးနောက် ဂျက်တိုက်လေယာဉ်တွေ အရေးပေါ်ပျံတက်ခဲ့ရတယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

စစ်ဘက်နယ်စပ်မျဉ်း (MDL) ရဲ့မြောက်ဘက် ကီလိုမီတာ ၂၀ အကွာမှာ ရေးဆွဲထားတဲ့ နည်းပရိယာယ် ဆိုင်ရာမျဉ်းရဲ့မြောက်ဘက်မှာ မြောက်ကိုရီးယား စစ်လေယာဉ်တွေ ပျံသန်းခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

လက်တုံ့ပြန်မှုအနေနဲ့ တောင်ကိုရီးယားနိုင်ငံက အဲဒီမျဉ်းအနီးသို့ F-35A ကိုယ်ပျောက်တိုက်လေယာဉ် တွေ အပါအဝင် စစ်လေယာဉ် အစင်း ၈၀ စေလွှတ်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံနဲ့ပြုလုပ်နေတဲ့ Vigilant Storm လေတပ်ဆိုင်ရာ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်နေတဲ့ စစ် လေယာဉ် အစင်း ၂၄၀ ခန့်က စစ်ရေးလေ့ကျင့်မှုတွေ ဆက်လက်ပြုလုပ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

ပြီးခဲ့တဲ့လကလည်း မြောက်ကိုရီးယားစစ်လေယာဉ် ၁၀ စင်းခန့်က အလားတူပျံသန်းမှုတွေ ပြုလုပ်ခဲ့တာ ကြောင့် တောင်ကိုရီးယားစစ်တပ်က ဂျက်တိုက်လေယာဉ်တွေ အရေးပေါ်စေလွှတ်ခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက အရှေ့ပင်လယ်အတွင်း အမြောက်ကျည် ၈၀ ကျော် ပစ်ခတ်ကာ မအောင်မြင် ခဲ့တဲ့ ပဲ့ထိန်းဒုံးကျည်တစ်စင်း အပါအဝင် ဒုံးကျည်အမျိုးမျိုး ပစ်လွှတ်ပြီးနောက် တောင်ကိုရီးယားနဲ့ အမေရိကန်ရဲ့ ပူးတွဲလေတပ်လေ့ကျင့်မှု ပြုလုပ်ခဲ့တာပါ။

အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေရဲ့ ပူးတွဲလေတပ်ဆိုင်ရာ လေ့ကျင့်မှုတွေက မြောက်ကိုရီးယား နိုင်ငံကို အမျက်ထွက်စေခဲ့ပါတယ်။

ကိုးကား – Reuters
Ref; South Korea scrambles fighter jets after detecting 180 North Korean warplanes