ကိုမိုင်း/ဧရာဝတီတိုင်းမ်
(နမ့်ခမ်း)၊ နိုဝင်ဘာလ ၅ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြိုနယ်၊ မန်စပ်ရွာအနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင် စီတပ်မှ ဒေသခံအရပ်သား ၂ ဦးအား ပစ်ခတ်သတ် ဖြတ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၅ ရက် မွန်းလွဲ ၂နာရီဝန်းကျင် အချိန်တွင် နမ့်ခမ်းမြို့မှ မိုင်းဝီုးသို့ ဦးတည်သွားသည့် အင်အား(၇၀)ခန့်ရှိ မိုင်းဝီးဗျူဟာ လက်အောက်ခံ ခလရ(၄၂၇)အား ၊ မန်စပ်ရွာအနီး ဟိုနားရွာနှင့် ဆိုက်ခင်းရွာအကြားတွင် KIA+PDFမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ (၃)ဦးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု ဒေသခံတစ်ဦးက အတည်ပြု ပြောကြားသည်။

ယင်းကဲ့သို့မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ ၏ ခလရ(၄၂၇) တပ်မှ စပါးရိတ်သိမ်းနေ သည့် မန်စပ်ရွာခံ အမျိုးသား ၂ ဦးအား ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု အမည်မဖော်လိုသည့် မန်စပ်ရွာခံအမျိုးသားတစ်ဦးက ပြောသည်။

အမည်မ‌ဖော်လိုသည့် မန်စပ်ရွာခံအမျိုးသားက” သူတို့ နမ့်ခမ်းကနေ ကားနဲ့ ဆင်းလာတာ၊ အင်အား(၇၀)လောက်တော့ ရှိတယ်၊ မိုင်းဝီးဘက်ကို သွားဖို့ပေါ့၊ အဲဒါ ကျနော်တို့ ရွာမရောက်ခင် ဟိုနားရွာနဲ့ ဆိုက်ခင်းရွာအကြား သရက်ပင်ကုန်းနားမှာ မိုင်းဆွဲခံလိုက်ရတာ၊ (၃)ယောက်သေတယ် (၂) ယောက် ဒဏ်ရာရတယ်”ဟု ပြောသည်။

ဆက်လက်ပြီး ၎င်းက ” သူတို့(စစ်ကောင်စီတပ်) နမ့်ခမ်းကနေ လာမယ်ဆိုတာ ကြိုသိတော့ အသင့်စောင့်ပြီး မိုင်းဆွဲတိုက်တာ၊ မိုင်းဆွဲ တိုက်ပြီးတော့ မိုင်းဆွဲတဲ့အဖွဲ့တွေက ပြန်ဆုတ်သွားတယ်။ အဲလို ပြန်ဆုတ်ပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်တွေက စပါးရိတ်သိမ်းတဲ့ ကျနော်တို့ ရွာ သားတွေဘက်ကို လက်နက်ကြီးရော ‌သေနတ်တွေနဲ့ရော ပစ်တယ်၊ အဲ့မှာ ကျနော်တို့ ရွာသား ဦးအနိုင်ထွန်းက သေနတ်ကျည်ဆံမှန်ပြီး ဆုံးတယ်၊ ဦးယိုင်ယေကတော့ လက်နက်ကြီးထိမှန်တယ် ပြီးတော့ သူ့ကို လည်ပင်း လှီးသေးတယ်၊ တခြား ဝမ်းဗိုက်နဲ့ ကျောတွေမှာလည်း ဓားထိုးတဲ့ ဒဏ်ရာတွေဖြစ်ပြီး ဆုံးနေတာ”ဟု ဆက်ပြောသည်။

စစ်ကောင်စီတပ်များသည် ယခင်ကတည်းက လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူသားမဆန်သည့် လုပ်ရပ်များ မကြာခဏ ပြုလုပ်လေ့ရှိသည့်အတွက် သတိကြီးစွာ နေထိုင်ဖို့ လိုအပ်ကြောင်း မန်စပ်ရွာခံ လူငယ်တစ်ဦးက တိုက်တွန်းပြောကြားသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်အပါ အဝင် မူဆယ်၊ ကွတ်ခိုင်မြို့နယ်နှင့် အခြားသောမြို့နယ်များတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲဖြစ်သည့် TNLA၊ KIA၊ SSPP၊ MNDAAနှင့် PDFတို့အပြင် စစ်ကောင်စီတပ်နှင့် ၎င်း၏ လက် အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များလည်း သွားလာ လှုပ်ရှားနေသည့် နယ်မြေဒေသဖြစ်ရာ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်ဟု ဒေသခံများက ‌ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသော်လည်း လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်လေ့ရှိရာ နိုဝင်ဘာလ ၃ ရက်နေ့ ညတွင်လည်း ကွတ်ခိုင်မြို့ KBCခရစ်ယာန်ဓမ္မကောလိပ် ကျောင်းဝန်းအတွင်းသို့ စစ်ကောင်စီတပ်မှ ရမ်းသမ်း ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ကျောင်းသား၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
#AyeyarwaddyTimes