ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၅ ရက်
ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် သမ္ဗာန်ဆိပ်ကျေးရွာတွင် ယနေ့ နိုဝင်ဘာလ ၅ ရက် မနက် ၁၁ နာရီ ၃၀ အချိန်ခန့်က ပျူစောထီးအဖွဲ့ဝင်ဟုဆိုသူ အမျိုးသား ၅ ဦး သေနတ်
ဖြင့် ပစ်ခတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။
ပစ်ခတ်ခံရသူများမှာ သမ္ဗာန်ဆိပ်ရွာမှ သိန်းဇော်၊သိန်းဝင်း၊ ကျော်လင်းနိုင်၊ဟိန်းမင်းထက်၊အောင်သူတို့ဖြစ်ပြီး သိန်းဇော်၏နေအိမ်စုဝေးထိုင်နေစဥ် အမည်မသိသေနတ်သမားများ ၂ ဦးမှ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ ပစ် ခတ်မှုကြောင့် ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
” သူတို့က သိန်းဇော်နဲ့သိန်းဝင်းတို့ညီအကိုအိမ်မှာစုဝေးပြီးတိုင်ပင်နေကြတာ။ အခုလို ခဏခဏ စုဝေးလေ့ရှိတယ် သူတို့က။ သူခိုးတွေလိုပေါ့ ခိုးခါနီးတိုင်ပင်သလိုပဲ။ ခုလည်း တိုင်ပင်နေတုန်း ဝင်ပစ်ခံရတာ၊ ပွဲချင်းပြီးသေတာက သိန်းဇော်၊သိန်းဝင်းညီအကို ၂ ယောက် သေတာတော့ အကုန်သေနိုင်တယ်ဗျ။ သေနတ်သံတွေက အချက်ပေါင်းမနည်းဘူး၊ အချက်ရေ ၃၀ ကျော်လောက်ရှိမယ်။ သူတို့ကရပ်ကွက်ထဲမှာ လူမိုက်အုပ်လိုပဲ၊ ပျူလူမိုက်တွေပေါ့။ တွံတေးမှာ သေတာတွေလည်းမနည်းပါဘူး။ ဒလန်တွေလည်း လုပ်နေကြတုန်းပဲ”ဟု အမည်မဖော်လိုသူဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပစ်ခတ်မှုကြောင့် သိန်းဇော်နှင့် သိန်းဝင်းညီအစ်ကို ၂ ဦးမှာ နေရာတင်သေဆုံးပြီး ကျန် ၃ ဦးဖြစ်သည့် ကျော်လင်းနိုင်၊ ဟိန်းမင်းထက်နှင့် အောင်သူတို့မှာ ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။
အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်ပြီး ရန်ကုန်တော်လှန်ရေးအင်အားစုများဘက်မှ သတင်းထုတ်ပြန်ခြင်းမရှိသေးပါ။
#AyeyarwaddyTimes