အောင်မြသန်း /ဧရာဝတီတိုင်းမ်
(ဧရာဝတီ) ၊ နိုဝင်ဘာလ၅ ရက်

ဧရာဝတီတိုင်းအတွင်းရှိမြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ရဲတပ်ဖွဲ့ သတင်းပေး ဒလန်များမှ နေ့ရောညပါ ဆိုင်ကယ်တွေဖမ်းဆီး ငွေကြေးတောင်းပြီး KTV နှင့် စားသောက်ဆိုင်များတွင် ပျော်ပါးနေကြကြောင်း ဒေသခံများထံမှသိရသည်။

ဆိုင်ကယ်များကို လမ်းဆုံလမ်းဂွနဲ့ လူစည်ကားတဲ့နေရာများတွင် ရှောင်တခင်စစ်ဆေးဖမ်းဆီးပြီး ဒဏ်ရိုက်လို့ရလာတဲ့ငွေတွေကို တရားရုံးမှာ ဒဏ်ငွေဆောင်ခြင်းမရှိသည့်အပြင် မိန်းမဖြစ်သူအား ပြန်မပေးဘဲ ညတိုင်းဆိုသလို KTV နှင့် စားသောက်ဆိုင်များတွင်သွားရောက်သုံးဖြုန်းပျော်ပါးနေကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သူများထံမှ သိရသည်။

“တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးလာတာ ဆိုင်ကယ်ဖမ်းဆီးတာက ယာဥ်စည်းကမ်း၊လမ်းစည်းကမ်းကြောင့် ဆိုင်ကယ်ဖမ်းတာမဟုတ်တော့ဘူး။ နေ့ရောညပါ ဖမ်းဆီးငွေတောင်းပြီးတာနဲ့ ခွဲယူပြီး KTV သွားလိုက် စားသောက်ဆိုင်တွေမှာပျော်ပါးလိုက်နဲ့လုပ်နေတာ”ဟု လုံခြုံရေးအရအမည်မဖော်လိုသူ မအူပင်မြို့ခံ အမျိုး သားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဆိုင်ကယ်များဖမ်းဆီးရာတွင် နေ့ဘက်တွင် ယာဥ်ထိန်းရဲပါသော်လည်း ညဘက်လှည့်ကင်းထွက်ရင်းဖမ်းသည့်အခါ စစ်ကောင်စီလက်အောက်ခံရဲနှင့် သတင်းပေးဒလန်များသာ ဖမ်းဆီးပြီးရလာသမျှငွေများဖြင့် KTV နှင့် စားသောက်ဆိုင်များတွင်သွားရောက် သုံးဖြုန်းခြင်းဖြစ် ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

ညပိုင်းဆိုင်ကယ်များဖမ်းဆီးသည့်အခါတွင်လည်း စစ်ကောင်စီလက်အောက်ခံရဲများနှင့် သတင်းပေး ဒလန်များမှာ အကုန်နီးပါး သောက်စားမူးနေသည့်ပုံစံပေါက်နေပြီး အချို့မှာဆဲဆိုမှုများလည်း ပြုလုပ်သေးကြောင်း ဒေသခံများထံမှ သိရသည်။

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တွင် ဟင်္သာတမြို့နှင့်မအူပင်မြို့တွင် အဆိုးဆုံးဖြစ်နေကြောင်း သိရသည်။
#AyeyarwaddyTimes