ဗွီအာတီ/ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၅ ရက်
အိန္ဒိယနိုင်ငံ မီဇိုးပြည်နယ် (မီဇိုရမ်) ဘက်သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော မြန်မာနိုင်ငံသားများကို မီဇိုး ပြည်နယ် ရဲတပ်ဖွဲ့နှင့် အာသံ ရိုင်ဖယ်တပ်တို့က မကြာခဏ ဖမ်းဆီးရမိမှုများ ရှိနေရာ မြန်မာ စစ်ဘေးရှောင်များ အပေါ် ဂယက်ရိုက်မှု များစွာလည်း ကြီးကြီးမားမား ရှိလာခဲ့သည်။
လွတ်လပ်စွာ နေထိုင်ခွင့် ရရှိနေသည့် မီဇိုးပြည်နယ်က မြန်မာ စစ်ဘေးရှောင် ပြည်သူများအပေါ် အထင်အမြင် လွှဲမှားမှုများ ဖြစ်ပေါ်စေပြီး သွားလာနေထိုင်မှုတို့လည်း ခက်ခဲကြပ်တည်း လာရကြောင်း ကာယကံရှင် စစ်ဘေးရှောင်များက ပြောပြကြသည်။
စစ်ဘေးရှောင် ပြည်သူများသည် မူးယစ်ဆေးဝါး ရောင်းဝယ် သယ်ဆောင်သူများနှင့် ဆက်နွယ် ပတ်သက်မှု မရှိသော်လည်း ဖမ်းဆီးခံထားရသော မူးယစ်ဆေးဝါး သယ်ဆောင်လာသူများက မြန်မာနိုင်ငံသားများ ဖြစ်နေသည့် အတွက် မီဇိုးပြည်သူများက မြန်မာ စစ်ဘေးရှောင်များဟုသာ အလွယ်တကူ ထင်မှတ်နေမှုများ ရှိနေသည်ဟုလည်း ဆိုသည်။
မြန်မာ စစ်ဘေးရှောင် တစ်ဦးက“မြန်မာနိုင်ငံကနေ မီဇိုးပြည်နယ်ဘက်ကို သယ်ဆောင်လာတဲ့ တရားမဝင် မူးယစ်ဆေးဝါးတွေကို မီဇိုးပြည်နယ် ရဲတပ်ဖွဲ့တွေနဲ့ အာသံ ရိုင်ဖယ်တပ်တွေက မြန်မာနိုင်ငံသားတွေဆီမှာ ခဏခဏ ဖမ်းဆီးရမိထားတယ်၊ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုပ် ဆိုသလိုပေါ့၊ မြန်မာ စစ်ဘေးရှောင်တွေက ပါဝင် ပတ်သက်မှု မရှိပေမယ့် မြန်မာ နိုင်ငံသားတွေဆီကနေပဲ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတဲ့ အခါကျတော့ မီဇိုး ပြည်သူတွေက ကျွန်တော်တို့ စစ်ဘေးရှောင် ပြည်သူတွေလို့ပဲ အထင်အမြင် လွှဲမှားနေတာတွေ ရှိလာတယ်”ဟု ဧရာ၀တီတိုင်းမ်သို့ ပြောပြသည်။
မြန်မာ စစ်ဘေးရှောင်များက ငွေကြေး အခက်အခဲကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ ပြုလုပ်လာကြကြောင်း မီဇိုးပြည်သူများကြား ကျယ်ကျယ် ပြန့်ပြန့် ပြောဆိုမှုများ ရှိလာတဲ့ အတွက်လည်း မြန်မာ စစ်ဘေးရှောင်များ အပေါ် ရုပ်ပိုင်း ဆိုင်ရာ အပါအဝင် စိတ်ပိုင်း ဆိုင်ရာများကိုပါ ထိခိုက် နစ်နာမှုများ ဖြစ်စေသည်ဟုလည်း ၎င်းက ဆိုသည်။
သို့သော် အဆိုပါ မြန်မာ စစ်ဘေးရှောင်များက ငွေကြေး အခက်အခဲကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွင် ပါဝင် ပတ်သက် နေသည်ဟု ဝေဖန်စွပ်စွဲချက် ထွက်ပေါ်လာမှုအပေါ် ခိုင်လုံသော သက်သေ အထောက်အထား မတွေ့ရှိကြောင်း မီဇိုးပြည်နယ် ပြည်ထဲရေး ဝန်ကြီး Pu Lal Chamlia Na က ချင်းမီဒီယာ တစ်ခုကို ဖြေကြားထားသည်။
မီဇိုးပြည်နယ်မှာ ဒေသခံများနည်းတူ မြန်မာစစ်ဘေးရှောင်များ အပြည့်အဝ ရရှိထားသော လွတ်လပ်စွာ နေထိုင် သွားလာခွင့်နှင့် အခြားတန်းတူ အခွင့်အရေးများကို ဆုံးရှုံး နစ်နာသွားနိုင်သည့် အတွက် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများနှင့် လုံးဝ ပါဝင်ပတ်သက်မှု မရှိစေရန် သတိပေး ဆောင်ရွက်မှုများ ပြုလုပ်ထားကြောင်း မီဇိုးပြည်နယ်၊ မြန်မာ စစ်ဘေးရှောင် အဖွဲ့အစည်းမှ အဖွဲ့ဝင် တစ်ဦးကလည်း ပြောပြသည်။
၎င်းက ဆက်လက်ပြီး“မြို့အုပ်ချုပ်ရေး အဖွဲ့ နဲ့ လူငယ်အဖွဲ့ (YMA) တွေက မြန်မာနိုင်ငံသားတွေထံကနေ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနဲ့ ကျွန်တော်တို့ကို မကြာခဏ ဆင့်ခေါ်တယ်၊ အဓိကကတော့ စစ်ဘေးရှောင်တွေအနေနဲ့ ပါဝင်ပတ်သက်မှု ရှိ မရှိ မေးမြန်းတာပေါ့နော်၊ မြန်မာနိုင်ငံသားတွေဆီက ဖမ်းဆီးရမိထားတာဆိုတော့ မြန်မာ စစ်ဘေးရှောင်တွေလို့ပဲ သူတို့ဘက်ကတော့ ထင်တာ၊ စစ်ဘေးရှောင်တွေကို လွတ်လပ်စွာ လက်ခံထားတော့ သူတို့ရဲ့ ထင်မြင်မှုကလည်း မမှားဘူးလို့ဘဲ မြင်ပါတယ်၊ ကျွန်တော်တို့ ဘက်ကလည်း ပါဝင်ပတ်သက်မှု (လုံးဝ) မရှိကြောင်းကို အာမခံပြီး ပြောပြတယ်၊ စစ်ဘေးရှောင် ပြည်သူတွေ အနေနဲ့လည်း မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေနဲ့ လုံးဝ မပတ်သက်ကြဖို့ မှာကြားချင် ပါတယ်”ဟုလည်း ပြောသည်။
မြန်မာနိုင်ငံဘက်ကနေ မီဇိုရမ်ဘက်ကို တရားမဝင် မူးယစ်ဆေးဝါးများ သယ်ဆောင်ခြင်း မပြုကြရန် ချင်း မီဒီယာများ၊ ချင်း အရပ်ဘက် လူမှု အဖွဲ့အစည်းများ၊ မြန်မာ စစ်ဘေးရှောင် အဖွဲ့အစည်းများက မကြာခဏ ထုတ်ပြန်ခဲ့ပြီး ချင်းပြည်နယ် ဒေသကာကွယ်ရေး တပ်များကလည်း မူးယစ်ဆေးဝါး ရောင်းဝယ် ဖောင်းကားမှု ပြုလုပ်သူများနှင့် ပါဝင်ပတ်သက် သူများကို ပြင်းထန်စွာ အရေးယူမည်ဟု သတိပေးမှုများ ပြုလုပ်ကြသော်လည်း ထိရောက်မှုမရှိသေးဟု ဆိုရမည်။
မီဇိုးပြည်နယ် ရဲတပ်ဖွဲ့များနှင့် အာသံ ရိုင်ဖယ် တပ်များက မီဇိုးပြည်နယ်သို့ တရားမဝင် သယ်ဆောင်လာသော မူးယစ်ဆေးဝါးများကို ၂၀၂၂ ခုနှစ် ဩဂုတ်လ တစ်လ အတွင်းမှာပင် မြန်မာနိုင်ငံသားများထံမှ ဖမ်းဆီးမှုပေါင်း ၁၀ ကြိမ် နီးပါး အထိ ရှိကြောင်း မီဇိုးသတင်းများနှင့် မီဇိုးပြည်နယ် ရဲတပ်ဖွဲ့တို့က ထုတ်ပြန်ထားသည်။
မီဇိုရမ် ရဲတပ်ဖွဲ့နှင့် ယစ်မျိုးနှင့် မူးယစ်ဆေးဝါး ဦးစီးဌာနတို့က ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ အထိ ဘိန်းဖြူ အလေးချိန် ၂၉ ဒသမ ၆၁၂ ကီလိုဂရမ် ဖမ်းဆီးရမိထားပြီး ၂၀၂၁ ခုနှစ် တစ်နှစ်တာလုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိသော ၁၅ ဒသမ ၇၉၂ ကီလို ဂရမ်ထက် ပိုမိုများပြားကြောင်း မီဇိုရမ် အခြေစိုက် The Frontier Despatch ဂျာနယ်ကလည်း ရေးသား ဖော်ပြထားသည်။
မီဇိုးပြည်နယ် ယစ်မျိုးနှင့် မူးယစ်ဆေးဝါး ဦးစီးဌာနမှ ၂၀၂၂ ခုနှစ် ဇူလိုင် ၂၈ ရက်နေ့က မာမစ်ခရိုင် Dapchhuah ကျေးရွာတွင် ဖမ်းဆီးရမိထားသော ဘိန်းဖြူ အလေးချိန် ၂ ဒသမ ၈၅ ကီလိုဂရမ်သည် မီဇိုးပြည်နယ် အတွင်းမှာ စံချိန်တင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ဖြစ်သည်ဟုလည်း ဆိုသည်။
မီဇိုးပြည်နယ် လူငယ် အဖွဲ့အစည်း (YMA) အဖွဲ့ဝင် တစ်ဦးက“မူးယစ်ဆေးဝါးကိစ္စကြောင့် အထက်ဌာနက ညွှန်ကြား စာတွေ ကျွန်တော်တို့ဆီမှာ လက်ခံရရှိထားတယ်၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေမှာ စစ်ဘေးရှောင် ပြည်သူတွေအနေနဲ့ တိုက်ရိုက် ဖြစ်ဖြစ်၊ သွယ်ဝိုက်နည်းနဲ့ပဲ ဖြစ်ဖြစ် မပတ်သက်ကြဖို့ပါ၊ ခင်ဗျားတို့ လိုအပ်တာတွေ ရှိရင်လည်း ပြောပြပေးပါ၊ ကျွန်တော်တို့ ဘက်ကလည်း အတတ်နိုင်ဆုံး ကူညီပေးဖို့ အဆင်သင့် ရှိပါတယ်၊ မြန်မာနိုင်ငံမှာ နိုင်ငံရေးအခြေအနေ မကောင်းတာကို ကျွန်တော်တို့ အပြည့်အဝ နားလည်ပေးပါတယ်၊ မီဇိုးပြည်နယ်မှာ လုံခြုံစိတ်ချစွာနဲ့ ပျော်ရွှင်စွာ နေထိုင် ကြပါ၊ ဒါပေမယ့် မီဇိုးပြည်နယ်မှာ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းအတိုင်း ကောင်းမွန်စွာနဲ့ လိုက်နာပြီး နေထိုင် ပေးကြပါ”ဟု ပြောကြောင်းလည်း သိရသည်။
နှစ်စဉ် မူးယစ်ဆေးဝါး ဖမ်းဆီးမှု ရှိသော်လည်း ယခုနှစ် ဖမ်းဆီးရမိမှု ပမာဏသည် အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံတွင် စစ်အာဏာ သိမ်းပြီးနောက် နိုင်ငံရေးအခြေအနေ တည်ငြိမ်မှုမရှိခြင်းနှင့် မီဇိုးပြည်နယ်မှ မြန်မာ စစ်ဘေးရှောင်များကို လွတ်လပ်စွာ လက်ခံခြင်းတို့အား မူးယစ်ကုန်သည်များက အခွင့်ကောင်းယူကာ အသုံးချနေကြကြောင်း မြန်မာ စစ်ဘေးရှောင် တစ်ဦးက မှတ်ချက်ပေး ပြောဆိုသည်။
မြန်မာ စစ်ဘေးရှောင် အဖွဲ့အစည်းမှ အဖွဲ့ဝင် တစ်ဦးကလည်း“မီဇိုးပြည်နယ်မှာ ယခင်ကတည်းက တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် ဖမ်းဆီးမှုတွေက ရှိပါတယ်၊ ဒါပေမယ့် ဖမ်းဆီးမှုပမာဏက နည်းပါးတယ်၊ အခုချိန်မှာတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်မှု မရှိတာရယ်၊ မြန်မာ စစ်ဘေး ရှောင်တွေကို မီဇိုးပြည်နယ် အစိုးရက လွတ်လပ်စွာ လက်ခံတာတွေကို အခွင့်အကောင်း ယူပြီးတော့ မူးယစ်ကုန်သည် တွေက အသုံးချနေတယ်လို့ ယူဆတယ်၊ မီဇိုးပြည်နယ် ရဲတပ်ဖွဲ့တွေက ဖမ်းဆီးထားတဲ့ သူတွေကလည်း စစ်ဘေးရှောင် တွေထဲက မပါပါဘူး၊ မြန်မာနိုင်ငံထဲမှာ နေထိုင်တဲ့ သူတွေပဲ ဖြစ်တယ်၊ စစ်ဘေးရှောင် စခန်းတွေမှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးမှုတွေ မရှိအောင်၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ နဲ့ ပတ်သက်မှု မရှိအောင် ကျွန်တော်တို့ဘက်ကလည်း စစ်ဘေးရှောင် စခန်းတွေမှာ တင်းကျပ်ထားပါတယ်”ဟု ပြောသည်။
မီးဇိုးပြည်နယ်ဘက်သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်ခြင်း မရှိစေရန် မြန်မာ-အိန္ဒိယ နယ်စပ်နှင့် ချင်းပြည်နယ် ဘက်တွင် ဒေသ ကာကွယ်ရေး တပ်များက စစ်ဆေးမှုများ ပိုမိုတင်းကျပ်ရန်နှင့် ထိရောက်စွာ ဖမ်းဆီး အရေးယူမှုများ ပြုလုပ်ရန် လိုအပ်သည်ဟုလည်း ဆိုသည်။
YMA လူငယ် အဖွဲ့အစည်းက မူးယစ်ဆေးဝါး ရောင်းဝယ်မှုများကို ထိန်းချုပ်နိုင်ရေး အတွက် မြန်မာ စစ်ဘေးရှောင်များအား မြန်မာနိုင်ငံဘက်သို့ ဝင်ထွက် သွားလာမှုတို့ကို ကန့်သတ်ထားပြီး မီဇိုးပြည်နယ် အစိုးရအနေဖြင့်လည်း ဖမ်းဆီး ခံထား ရသော မူးယစ်ဆေးဝါး ရောင်းဝယ် သယ်ဆောင်သူတွေကို ဘက်မလိုက်ဘဲ ဥပဒေနှင့်အညီ ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်ပေးရမည်လည်း ဖြစ်သည်။
မြန်မာနိုင်ငံဘက်မှ သယ်ဆောင်လာသော မူးယစ်ဆေးဝါးများကို မီဇိုရမ်တွင် မကြာခဏ ဖမ်းဆီးရမိမှုအပေါ် မီဇိုး အရပ်ဘက် အဖွဲ့အစည်းများ၊ လူငယ် အဖွဲ့အစည်းများ၊ ဘာသာရေး အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများက စိတ်ပျက်နေကြပြီး မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုကို ဘက်ပေါင်းစုံမှ ပူးပေါင်း တားဆီးမှုများလည်း ပြုလုပ်နေကြသည်။
အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်ရှိ မီဇိုးပြည်နယ်သည် မူးယစ်ဆေးဝါး ကင်းစင်သော ပြည်နယ်အဖြစ် ရပ်တည်နိုင်ရန် စွမ်းစွမ်းတမံ ဆောင်ရွက်လျက် ရှိကာ အရက်သေစာ ရောင်းဝယ်မှုကိုပင် ထိရောက်စွာ ပိတ်ပင်တားမြစ်ထားပြီး တစ်ပြည်နယ်လုံး ခရစ်ယာန်ဘာသာ ၁၀၀ ရာခိုင်နှုန်း ကိုးကွယ်ယုံကြည်ကြသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တစ်ခု ဖြစ်သည်။
အိန္ဒိယ ဗဟိုအစိုးရက မီဇိုးပြည်နယ်တွင် မြန်မာ စစ်ဘေးရှောင်ပြည်သူများ ဝင်ရောက်လာမှုကို လက်မခံရန် ညွှန်ကြား ထားသော်လည်း မီးဇိုးပြည်နယ် အစိုးရကမူ မိမိညီနောင် သွေးချင်းများ ဒုက္ခကြုံတွေ့ရာတွင် လက်ပိုက်ကြည့်ကာ လျစ်လျူမရူလိုကြောင်း ပြန်လည်တုံ့ပြန်ပြီး လက်ခံထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က ပြည်သူလူထု ရွေးချယ် တင်မြှောက်ထားသည့် အရပ်သား အစိုးရထံမှ နိုင်ငံ့ အာဏာကို အဓမ္မ လုယူလိုက်ပြီးနောက် စစ်အာဏာသိမ်းမှုအား လက်နက်ကိုင် လှုပ်ရှားမှု အပါအဝင် ဆန့်ကျင် တော်လှန်မှုများ နိုင်ငံတဝန်း ပေါ်ပေါက်ခဲ့ရာတွင် ချင်းပြည်နယ်သည်လည်း အပါအဝင် ဖြစ်သည်။
ထို့နောက် အကြမ်းဖက် စစ်တပ်က ချင်းပြည်နယ်အတွင်းရှိ လူနေအိမ်များကို အကြောင်းမဲ့ မီးရှို့ခြင်း၊ ဒေသခံပြည်သူ များကို ဒေသ ကာကွယ်ရေး တပ်များနှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ ဖမ်းဆီး နှိပ်စက်ခြင်း၊ မြို့ အဝင် အထွက်များတွင် တပ်စခန်း ချကာ စစ်ဆေးမှုများ တင်းကျပ်ခြင်း၊ ကျေးလက် ဒေသများတွင် လက်နက်ကြီးများနှင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်၍ ပြည်သူများ ထိခိုက် သေဆုံးရခြင်း၊ ဧည့်စာရင်းများ လိုက်လံစစ်ဆေးပြီး အကြောင်းမဲ့ ရိုက်နှက် နှိပ်စက်မှုများ ပြုလုပ်ခြင်း၊ လုံခြုံရေး အကြောင်းပြ၍ ခရီးသွားလာမှုများကို တင်းကျပ်ခြင်း၊ ဒေသ ကာကွယ်ရေးတပ်များ နှင့် အကြမ်းဖက် စစ်ကောင်စီတပ်များ တိုက်ပွဲ ဖြစ်ပွားခြင်း တို့ကြောင့် ဒေသခံ တိုင်းရင်းသားများသည် အိန္ဒိယနိုင်ငံ မီဇိုရမ်ဘက်သို့ စစ်ဘေးရှာင်လာခဲ့ကြရခြင်း ဖြစ်သည်။
၂၀၂၁ ခုနှစ် အောက်တိုဘာ လကုန်ပိုင်းတွင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အကြမ်းဖက် စစ်တပ်က ချင်းပြည်နယ် ထန်တလန်မြို့ရှိ လူနေအိမ်များ၊ ဘုရားကျောင်းများနှင့် မိဘမဲ့ ဂေဟာများကို မီးရှို့ဖျက်ဆီးမှုများ၊ သတ်ဖြတ်မှုများ၊ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းများကို ပြုလုပ်ခဲ့သည်။
မီးလောင်ပျက်စီး ဆုံးရှုံးမှုထဲမှာ လူသားချင်း စာနာမှု အကူအညီများ ပေးနေသည့် ၎င်းတို့ ရုံးလည်း ပါသွားကြောင်း Save the Children အဖွဲ့ကလည်း ထုတ်ပြန် ပြောဆိုထားသည်။
အဆိုပါ ချင်းပြည်နယ် အတွင်း ဖျက်ဆီး တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေး၊ တောင်ကိုရီးယား၊ ယူကေ နှင့် အမေရိကန်တို့ အပါအဝင် နိုင်ငံတကာကလည်း ပြင်းထန်စွာ ရှုတ်ချ ကန့်ကွက်ခဲ့ကြသည်။
ထိုသို့သော အခြေအနေများကြောင့် ချင်းတိုင်းရင်းသား ဒေသခံများ အနေဖြင့် မီဇိုရမ်ဘက်ကို စစ်ဘေးရှောင်လာကြရာ လက်ရှိမှာ လူ ဦးရေ ၄ သောင်းကျော် ရှိကြောင်း မြန်မာ စစ်ဘေးရှောင် ကူညီရေး အဖွဲ့က ပြောပြသည်။
စစ်ဘေးရှောင်ထဲတွင် အများစုမှာ ထန်တလန်က ဖြစ်ပြီး ၁ သောင်းဝန်းကျင် ရှိသည်ဟုလည်း ဆိုသည်။
မြန်မာ စစ်ဘေးရှောင်များမှာ မီဇိုးပြည်နယ်ထဲရှိ စစ်ဘေးရှောင် စခန်းများတွင် အများစုနေထိုင်ကြရပြီး တချို့မှာ မိမိစရိတ် နှင့် မြို့ထဲမှာ အိမ်ငှားရမ်း နေထိုင်ကြသူများ ရှိကြောင်းလည်း သိရသည်။
စစ်ဘေးရှောင် စခန်းများတွင် အလှူအရှင်တချို့၏ ကူညီထောက်ပံ့ကူညီမှုနှင့် ဆန်၊ ဆီများကို လစဉ် ရရှိကြပြီး ကျန်းမာရေး စောင့်ရှောက်မှု အတွက်ကိုတော့ မိမိစရိတ်ဖြင့် အသုံးပြုကြရသည်ဟုလည်း ဆိုသည်။
ထိုသို့သော အခြေအနေမျိုးဖြင့် လွတ်လပ်စွာ နေထိုင်ခွင့် ရနေကြသော မီဇိုးပြည်နယ်ရှိ မြန်မာ စစ်ဘေးရှောင်များသည် လက်ရှိမှာ မူးယစ်ကုန်သည်များ၏ ကိုယ်ကျိုးရှာ ကူးသန်း ရောင်းဝယ်သည့် ဂယက်ရိုက်ခတ်မှုကို ကြီးမားစွာ ကြုံတွေ့ ခံစားနေကြရကြောင်း ရေးသားဖော်ပြလိုက်ရသည်။
#Ayeyarwaddy_Times #Mizoram #Drug #မီဇိုရမ် #စစ်ဘေးရှောင် #ချင်းပြည်နယ် #သတင်းဆောင်းပါး #မူးယစ်ဆေး၀ါး