ဧရာဝတီတိုင်းမ်
(မော်လမြိုင်)၊ နိုဝင်ဘာလ ၅ ရက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဒိုက်ဝန်ကွင်းရပ်ကွက်၊ ဒိုက်ဝန်ကွင်းရဲစခန်းအား နိုဝင်ဘာလ ၂ ရက်နေ့က လက်ပစ်ဗုံးဖြင့်တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့က ဒေသခံပြည်သူ ၂ ဦးကို စွပ်စွဲဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ခိုက်မှုဖြစ်စဉ်အတွင်း လက်ပစ်ဗုံးမှာချို့ယွင်းချက်အနည်းငယ်ကြောင့် ပေါက်ကွဲခဲ့ခြင်းမရှိပေမယ့်နောက်ဆက်တွဲသတင်းများအရ အရပ်သား အမျိုးသမီး ၂ ဦးအားဖမ်းဆီးခဲ့သည်ဟု SUMF-Mawlamyine မှ ‌သိရသည်။

“အမှန်က သူတို့ကလူမှားဖမ်းတာပါ၊ CCTVကနေသူတို့တွေ့ရတာက ယောကျာ်းလေးကိုတွေ့ရတာကို တာဝန်ရှိသူတွေက မိန်းခလေးဆိုပြီးယူဆလိုက်တယ်ဆိုပြီး အတွင်းသတင်းအရကျွန်တော်တို့သိရတယ်၊ ပြီးတော့ အဲ့လိုပုံစံမိန်းခလေးရှိတယ်ဆိုပြီး မဆိုင်တဲ့ပြည်သူ ၂ ဦးကိုဖမ်းလိုက်တာပါ” ဟု SUMF-Mawlamyine မှ တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်သို့ပြောသည်။

စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံရသည့် အရပ်သားအမျိုးသမီး ၂ ဦးသည် အဖွဲ့အစည်းနှင့် သက်ဆိုင်ခြင်းမရှိကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဒိုက်ဝန်ကွင်းရဲစခန်းအား နိုဝင်ဘာလ ၂ ရက်နေ့ကလက်ပစ်ဗုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်းအား Special Underground Movement Force-Mawlamyineမှ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ကလည်း SUMF-Mawlamyine သည် မော်လမြိုင်မြို့ ကြံ့ခိုင်ရေးပါတီရုံးချုပ်ရှေ့ရှိ ကင်းဂိတ်အားလက်ပစ်ဗုံးဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
#Ayeyarwaddy_Times