ဧရာဝတီတိုင်းမ်
(ယင်းမာပင်)၊ ‌နိုဝင်ဘာလ ၃ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းတွင် စိုက်ပျိုးရေးတောင်ယာလုပ်ငန်းလုပ်ကိုင်နေသူ ဒေသခံများအနေဖြင့် စစ်ကောင်စီတပ်စစ်ကြောင်းထိုးမှုများကြောင့်စိုက်ခင်းများပျက်စီးဆုံးရှုံးမှုများနှင့်သွင်းအားစုဈေးနှုန်းမြင့်မားမှုများကြောင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။

ယင်းမာပင်ခရိုင်တွင် ကြက်သွန်၊ ခရမ်းချဉ်သီး၊ နေကြာ၊ ကုလားပဲ၊ နှမ်းတို့ကို အဓိကထား စိုက်ပျိုးကြပြီး လက်ရှိသီးနှံစိုက်ပျိုးချိန်တွင် စိုက်ပျိုးရေးသွင်းအားစုများဖြစ်
သည့် ဓာတ်မြေဩဇာနှင့် ပိုး သတ်ဆေး၊ပေါင်းသတ်ဆေးစျေးနှုန်းများမြင့်တက်နေသဖြင့် စိုက်ပျိုးစားရိတ်များအဆမတန်ကုန်ကျမှုများဖြစ်ပေါ်နေသည်ဟုဆို သည်။

ထို့အပြင် စိုက်ပျိုးချိန်နှင့် ရိတ်သိမ်းချိန်များတွင်လည်း စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုးဝင်ရောက်မှုများကြောင့် သီးနှံများအချိန်မှီမရိတ်သိမ်းနိုင်၍ စိုက်ခင်းများပျက်စီးခြင်း၊ပျူစောထီးများမှ စိုက်ခင်းများအားမ​ကြာခဏလာရောက် ဖျက်ဆီးမှုကြောင့်လည်း ဒေသခံတောင်သူများမှ ဆုံးရှုံးမှုများနှင့်ကြုံတွေ့ခဲ့ရသည်ဟုဆိုသည်။

“ဒီ မြေဩဇာတွေနဲ့တခြားဆေးတွေကလည်း ဈေးကြီးတာက အရင်ထက် ၅ ဆလောက်ဖြစ်နေတယ်၊ သီးနှံဈေးတွေမကောင်းတာရောအစုံပါဘဲ။ စျေးတွေကြီးလည်းဘဲစိုက်နေရတာတော့ ရှေ့ ၂သီး ၃ သီးရှိပြီပေါ့။ ပြီးခဲ့တဲ့မိုးရာသီကဆိုလည်း စစ်ကြောင်းထိုးတဲ့နေရာတွေမှာ မြေပဲတွေအချိန်မီမရိတ်နိုင်လို့ ပျက်စီးခဲ့ရတဲ့စိုက်ခင်းတွေအများကြီးရှိတယ်၊ ပုလဲမြို့နယ်ထဲက တချို့ရွာဝန်းကျင်ကစိုက်ခင်းတွေဆိုလဲ ပျူစောထီးတွေကဖျက်ဆီးတာတွေရှိတယ်၊ တိုက်ပွဲဖြစ်လို့ကားလမ်းတွေပိတ်ရင်လည်း စိုက်ပျိုးရေးပစ္စည်းတွေကရှိရင်းဈေးထက် ဈေးကပိုတက်လာတယ်” ဟုယင်းမာပင်၊ ရင်ပေါင်တိုင်ကျေးရွာ ဒေသခံတောင်သူတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

၎င်းမှဆက်လက်ပြီး “ဒီမှာကတော့အမြဲတမ်းစစ်ရှောင်ရယ်လို့တော့မရှိဘူး၊ စစ်ကြောင်းထိုးပြီးစစ်သားတွေပြန်သွားရင်ရွာကိုပြန်လာကြတယ်၊ ပြန်စိုက်ပျိုးကြတယ်၊ စိုက်တဲ့အချိန်လည်းကောင်းကောင်းစိုက်မရ၊ရိတ်တဲ့အချိန်လည်းကောင်းကောင်းမရိတ်ရ။ အဲ့ဒီလိုမျိုးပေါ့၊ ရှေ့ရက်ပိုင်းတွေတုန်းက ရင်ဘောင်တိုင်ဘက်ကို ရဟတ်ယာဉ်နဲ့လာပစ်တုန်းကလည်း စိုက်ခင်းတချို့ လက်နက်ကြီးထိမှန်ပျက်စီးတာတွေရှိတယ်” ဟုပြောသည်။

ယခုအချိန်တွင် ဂျုံ၊ ကုလားပဲ၊ နေကြာကို အဓိကထားစိုက်ပျိုးထားပြီး ယင်းမာပင်ခရိုင်အတွင်းရှိ ဒေသခံများမှာ စစ်ကောင်စီတပ်များ၏စစ်ကြောင်းထိုးမှုများနှင့် တိုက်ပွဲများကြောင့် မကြာခဏထွက်ပြေးတိမ်းရှောင်နေရပြီး အဓိကစီးပွားဖြစ်ရေးဖြစ်သော စိုက်ပျိုးရေးလုပ်ငန်းများကောင်းမွန်စွာလုပ်ကိုင်နိုင်ခြင်းမရှိသဖြင့်စားဝတ်နေရေးကြပ်တည်းမှုများနှင့်ရင်ဆိုင်နေရကြောင်းသိရသည်။

ဓာတ်ပုံ – ကနီတွင် PDFများမှ တိုက်ပွဲနားချိန်တွင် ကိုယ်တိုင်လယ်စိုက်နေပုံ
#Ayeyarwaddy_Times