ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၄ ရက်

ရန်ကုန်တိုင်း၊ဒလမြို့နယ်၊ ဒလ-တွံတေးလမ်းမကြီးပေါ်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်အဖွဲ့မှ အမျိူးသားတစ်ဦးကို မှတ်ပုံတင်တောင်းစစ်ဆေးရာ မှတ်ပုံတင်မပြနိုင်သဖြင့် ဝိုင်းဝန်းရိုက်နှက် သတ်ဖြတ်လိုက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့က ဒလမြို့နယ်၊ တာကြီးရပ်ကွက်၊ သခင်လမ်းတွင်နေထိုင်သည့် ကိုနေလင်းစိုး သည် ညနေ ၅ နာရီခန့်တွင် အလုပ်မှပြန်လာရာ ဒလ- တွံတေးလမ်းမကြီး၊ ဆာပါချောင်၊ ကျောင်းစုရပ်ကွက်နားရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်မှ ၎င်းကိုမှတ်ပုံတင်တောင်းစစ်ဆေးရာ ပါမလာသည့် အတွက် ရိုက်နှက်ဖမ်း ဆီးခဲ့ပြီးနောက် ရုပ်အလောင်းသာပြန်ရခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

“အဲဒီနေ့က အလုပ်ကပြန်လာတာသူက။ အဲဒီဂိတ်ရောက်တော့ မှတ်ပုံတင်တောင်းတော့ အလုပ်သွားလုပ်တာဆိုတော့ မပါဘူးပေါ့ဗျာ။ မပါကြောင်းရှင်းပြ ပေမယ့်လည်း မရပါဘူး။ မပါရမလားဆိုပြီး လက်တွေ ခြေထောက်တွေကို ကြိုးတုပ်၊ ပါးစပ်ပိတ်ပြီး တစ်ခါထဲရိုက်သတ်လိုက်ကြတာ။ အဲဒီဂိတ်မှာပဲ”ဟု ဒေသခံတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

၎င်းမှဆက်လက်ပြီး “အဲဒီလိုဖမ်းပြီးရိုက်နေချိန်မှာ ရပ် ကွက်လူကြီးတွေနဲ့၊ သူ့အမေလိုက်သွားပြီးတောင်းပန်တာ။ ဆဲလွှတ်တယ်။ သူ့အမေရှေ့တင်ရိုက်သတ် လိုက်ကြတာ။ အလောင်းကို ပြန်သယ်သွားခိုင်းတယ်”ဟုဆိုသည်။

နားရေးပြုလုပ်နေစဥ်အတွင်း စစ်တပ်မှရောက်ရှိလာပြီး နာရေးကအရေးမကြီးကြောင်း ၎င်းတို့ရိုက်နှက် သတ် ဖြတ်မှုကြောင့် ပျက်စီးသွားသည့် ဘန်ကာများ ကိုပြန်လည်လျော်ခိုင်း ပြုပြင်ခိုင်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါစစ်ဆေးရေးဂိတ်နှင့် ရိုက်နှက်သတ်ဖြတ်ခံခဲ့ ရသည့်ကိုနေလင်းစိုးနေအိမ်သည် ချောင်းကူးတံတား တစ်ခုသာခြားကြောင်း သိရသည်။

#ဒလ #တွံတေး #စစ်ကောင်စီတပ် #စစ်ဆေးရေးဂိတ် #မှတ်ပုံတင် #မပြနိုင်သဖြင့် #ရိုက်သတ်ခံရ #Ayeyarwaddy_Times