ဧရာဝတီတိုင်းမ်
(မုံရွာ)၊ နိုဝင်ဘာလ ၄ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင်
‌နိုဝင်ဘာလ ၃ ရက် နံနက် ၇ နာရီဝန်းကျင်၌ နဂါးတွင်းကျေးရွာအား စစ်ကောင်စီတပ်များနှင့်ပျူစောထီးများမှ ဝင်ရောက်စစ်ကြောင်းထိုး၍ မီးရှို့ဖျက်ဆီးခဲ့သောကြောင့် အပြန်လမ်းတွင် Monywa Peregrine PDFနှင့်ပူးပေါင်းအဖွဲ့များမှ တစ်ဖက်ပွင့်မိုင်းများဖြင့်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သားများနှင့်ပျူများသည် နဂါးတွင်းကျေးရွာအားမီးရှို့ဖျက်ဆီး၍ တောပုရွာ(ပျူရွာ)သို့အပြန်တွင် တစ်ဖက်ပွင့်မိုင်းဖြင့် ၂ ကြိမ်တိုက်ခိုက်ခဲ့ပြီး ပထမအကြိမ်တွင် ပျူစောထီး ၄ ယောက်မှာနေရာတွင်ပင် သေဆုံးခဲ့ပြီး ဒုတိယအကြိမ်တွင် စစ်သားများနှင့်ပျူများလိုက်ပါလာသော ကား(ပုဇဉ်းခေါင်း)အား ပ‌ဒေသာမိုင်းများဖြင့်မိုင်းဆွဲတိုက်ခဲ့ရာ ကားမှာပျက်စီးခဲ့ပြီး ‌စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိသော်လည်း မြေပြင်အခြေနေအရ အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း‌ သိရသည်။

“နဂါးတွင်းရွာကိုမီးရှို့ဖျက်ဆီးပြီး အပြန်မှာစောင့်ပြီးမိုင်းဆွဲခဲ့တာပါ၊ သူတို့ရွာထဲကလုယက်ခဲ့တဲ့ပစ္စည်းတွေကို ပျူတွေကသယ်လာတာ၊ ပထမတကြိမ်မှာ ဆိုင်ကယ်၂စီးနဲ့ပျူ ၄ ယောက်သေတာကတော့သေချာသိရတယ်၊ ဒုတိယက ပစ္စည်းနဲ့လူတွေပါလာတဲ့ကား မိုင်းဆွဲခံရတော့ပျက်စီးသွားပြီး ခုချိန်ထိသူတို့တွေလာပြန်မယူရသေးဘူးကားကို၊ ကားပေါမှာတော့ ၈ ယောက်ဝန်းကျင်လောက်ပါတယ်၊ အဝေးကဘဲဆိုတော့ ကျဆုံးကိုသေချာအတည်မပြုနိုင်သေးဘူး” ဟု Monywa Peregrine PDFတာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

Monywa Peregrine PDFနှင့်ပူးပေါင်းတပ်ဖွဲ့များသည် အောက်တိုဘာလ ၁၅ ရက်နေ့တွင်လည်း ချင်းတွင်းမြစ်ကြောင်းအတိုင်း ရိက္ခာပို့သွားသောစစ်သင်္ဘော ၃ စီးအား ရှေ့ထွက်မိုင်းများဖြင့် တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

ဓာတ်ပုံ – နဂါးတွင်းရွာအား စစ်ကောင်စီတပ်မှ ဝင်ရောက်မီးရှို့နေသည့် မြင်ကွင်း။
#မုံရွာ #နဂါးတွင်း #မီးရှိူ့ #စစ်ကောင်စီ #ပျူစောထီး #မိုင်ဆွဲတိုက်ခိုက်
#Ayeyarwaddy_Times