ဧရာဝတီတိုင်းမ်
(ပေါင်)၊ နိုဝင်ဘာလ ၄ ရက်
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာတွင် ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့ မနက် ၅ နာရီခွဲအချိန်က ဆွမ်းခံကြွနေသည့် ရဟန်းတစ်ပါးအား စစ်ကောင်စီယာဉ်တန်းမှ ဝင်တိုက်သွားကြောင်း သတင်းရရှိသည်။
အာရုဏ်ဆွမ်း ဆွမ်းခံကြွနေသည့် ဦဇင်းလာဘအား မော်လမြိုင်ဘက်မှ ရန်ကုန်သို့သွားသော စစ်ကား ၇ စီးပါ စစ်ကောင်စီယာဉ်တန်းမှ ကားတစ်စီးက ဝင်တိုက်သွား၍ နေရာ၌ပင်ပျံလွန်တော်မူသွားကြောင်း ဝင်တိုက်သည့် စစ်ကားမှာလည်း ကားရပ်ပေးခြင်းမရှိဘဲမောင်းပြေးသွားကြောင်း ဒေသခံများထံမှ သိရသည်။
“မနက်အစောကြီးမှောင်နေတာဆိုတော့ ဆွမ်းခံကြွတာတစ်ပါးနဲ့တစ်ပါးကလည်းဝေးနေတာ။ သူတို့အမြန်မောင်းလာပြီး နောက်ကဝင်တိုက်သွားတာ။ တိုက်ပြီးတော့လည်းမောင်းပြေးသွားတယ်။နံရိုးကျိုးသွားတယ်ပြောတယ်” ဟု ပေါင်မြို့ခံ အမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပျံလွန်မူသွားတဲ့ သံဃာတော်မှာ သက်တော် ၇၅ နှစ်အရွယ် ဦးပဇင်းလာဘဖြစ်ပြီး ကျွဲခြံကျေးရွာ ဝိဇယာရာမကျောင်းတိုက်တွင် သီတင်းသုံးသည့် သံဃာတော်တစ်းပါးဖြစ်ကြောင်း သိရသည်။
ဦးပဇင်းလာဘ၏ ရုပ်ကလာပ်အား ပေါင်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။
#ပေါင် #ဆွမ်းခံကြွ #သံဃာတော် #စစ်ကောင်စီ #ယာဥ်တန်း #ပျံလွန်တော်မူ
#Ayeyarwaddy_Times