ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၄ ရက်
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း နိုဝင်ဘာလ ၁ ရက်၊ နေ့လည်၂ နာရီတွင် စစ်ကောင်စီလက်အောက်ခံ ခမရ ၄၀၈တပ်စခန်း(ကမမောင်း)မှ ဖလံတောင်တိုက်နယ်ဆေးရုံအား လက်နက်ကြီး (၁၂၀မမ)ဖြင့် ၅ချက် ပစ်ခတ်ခဲ့သဖြင့် ဆေးရုံအားယာယီပိတ်ခဲ့ရကြောင်း ကေအန်ယူမှ သတင်းထုတ်ပြန်ထားသည်။
ဖလံတောင်ဆေးရုံသည် (၁၆) ကုတင်ဆံ့သောတိုက်နယ်ဆေးရုံဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းကာလ၌ လူမှုဝန်ထမ်းများမှစုကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ဆေးရုံဖြစ်ပြီး ကေအဲန်ယူ-သထုံခရိုင်အတွင်းရှိ ဒေသခံများသာမက ရပ်ဝေးမှလူနာများလည်း လာရောက်ကာ ဆေးဝါးကုသမှုခံယူခြင်းများရှိသည်ဟု ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားပါသည်။
စစ်ကောင်စီမှ ဖလံတောင်ဆေးရုံအားပစ်မှတ်ထားပစ်ခတ်မှုအတွင်း ဆေးရုံထိခိုက်ပျက်စီးမှုတစ်စုံတစ်ရာမရှိသော်လည်း လုံခြုံရေးအရ ယာယီ ပိတ်ထားခဲ့ရပြီး ဆေးရုံဝန်ထမ်းများ၊ ဆေးရုံအတွင်းကုသမှုခံယူနေဆဲ လူနာများ၊ ဆေးရုံအနီးရှိ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းသိရသည်။
” ဆေးရုံကိုပစ်မှတ်ထားပြီး
လက်နက်ကြီးပစ်ခတ်မှုကို လုံးဝကန့်ကွက်ရှုံ့ချတယ်၊ ဒါမလုပ်သင့်တဲ့လုပ်ရပ်ပါ၊ တစ်ချို့ရွာသားတွေဆို လက်နက်ကြီးကျတော့ စစ်ကောင်စီစစ်ကြောင်းထိုးမှာကို စိုးရိမ်ပြီး တိမ်းရှောင်ထွက်ပြေးကြတာရှိတယ်၊ ပြီးတော့အခုချိန်က ဒေသခံပြည်သူတွေ ရာဘာခြစ်တဲ့အချိန်၊ စပါးရိတ်သိမ်းတဲ့အချိန်လည်းဖြစ်တော့ ပြည်သူတွေပဲ ထိခိုက်နစ်နာတယ်ဒုက္ခရောက်ကြတယ်”ဟု ကေအန်ယူ-ဖားအံမြို့နယ်၊ KNLAတပ်ရင်း(၁) တပ်ရင်းမှူးမှပြောသည်။
စစ်ကောင်စီလက်အောက်ခံ BGF တပ်များမှလည်း ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း ဖလံတောင်တိုက်နယ်ဆေးရုံအတွင်းသို့ ဝင်ရောက်ဖျက်ဆီး၍ ဆေးဝါးနှင်အခြားပစ္စည်းများ ယူဆောင်သွားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ညောင်ကုန်း BGF စစ်ဆေးရေးဂိတ်မှ စက်တင်ဘာလ ၂၄ ရက်နေ့တွင်လည်းလက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်မှုကြောင့် ညောင်ကုန်းကျေးရွာမှ ကလေးငယ်(၁)ဦးနှင့် အမျိုးသမီး (၂)ဦး လက်နက်ကြီးစထိမှန်ဒဏ်ရာရခဲ့ပြီး အဆိုပါ BGF တပ်ဖွဲ့ဝင်များသည် ဒေသခံများအား ခေါ်ယူခြိမ်းခြောက်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းများမကြာခဏ ကျူးလွန်လေ့ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
#ဖားအံမြို့ #ဖလံတောင်တိုက်နယ်ဆေးရုံ #စစ်ကောင်စီ #လက်နက်ကြီး #ယာယီပိတ်ထားရ #KNU
#Ayeyarwaddy_Times