
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၃ ရက်
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာကျေးရွာတွင် ယနေ့ နံနက်ပိုင်းက ပျူခေါင်းဆောင်၏အသုဘ ချပြီးအပြန် စီတန်းသွားနေစဥ် ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ဗုံးကြဲတိုက်ခိုက်ရာ ပျူအဖွဲ့ဝင် ၁၅ ဦးသေဆုံးပြီး ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အရာတော်မြို့နယ် သလဲဘာကျေးရွာရှိ ပျူအဖွဲ့ခေါင်းဆောင်မှာ နိုဝင်ဘာ ၁ ရက်နေ့က မိုင်းမိသေ ဆုံးခဲ့သဖြင့် ပျူအဖွဲ့ဝင်များနှင့် စစ်တပ်ထောက်ခံ ပျူကျေးရွာမှ ၎င်းအသုဘသို့လိုက်ပါပို့ဆောင်စဥ် ယနေ့ နိုဝင်ဘာ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဗုံးကြဲ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
“ပျူခေါင်းဆောင်ရဲ့သားဆိုတော့ ပျူခေါင်းဆောင် ပဲပေါ့။ သူ့အသုဘလိုက်ပို့ကြတာ ပျူအဖွဲ့တွေ။ ဒရုန်း ၅ စီးနဲ့တိုက်ခိုက်ခဲ့တာ။ ပြန်ခံစားစေချင်တယ်။ဒီနေ့က ဒရုန်းစစ်ဆင်ရေးပေါ့။ အဲဒီကျေးရွာက ပျူတွေနဲ့စစ်ကောင်စီတပ်တွေနေတာ”ဟု မြင်းခြံပျောက်ကျားတပ်ရင်းခေါင်းဆောင် ကိုသက်ကြီးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျူအဖွဲ့ဝင် ၁၅ ဦးခန့် သေဆုံးပြီး ၂၀ ကျော်ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
သလဲဘာကျေးရွာသည် စစ်ကောင်စီတပ်နှင့် ပျူအဖွဲ့များ အခြေစိုက် စခန်းချတပ်စွဲထားသည့် နေရာဖြစ်ပြီး ယင်းစခန်းများကို ဒရုန်း ၅ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု PDF တပ်ဖွဲ့ဝင်များထံကသိရသည်။
ယနေ့တိုက်ခိုက်မှုကို Zero ပျောက်ကျားတပ်ဖွဲ့(မြင်းခြံ)မှ ဦးဆောင်ပြီး Danger Force၊ BRA၊ MRTF၊ ဇာမဏီ၊ နဂါးနီ(ကျောက်ဆည်) အဖွဲ့တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်ဖြစ်ကြောင်း သိရှိရသည်။