ဧရာဝတီတိုင်းမ်
(မတူပီ)၊ နိုဝင်ဘာ ၃ ရက်
ချင်းပြည်နယ်၊ မတူပီမြို့တွင် စစ်ကောင်စီတပ်က ၄ ကြိမ်မြောက်ကိုဗစ်ကာကွယ်ဆေးထိုးရန်အတွက် အောက်တိုဘာလကုန်ပိုင်းတွင် ထုတ်ပြန်ထားပြီး ကိုဗစ်ကာကွယ်ဆေး ၄ ကြိမ်ထိုးပြီးကြောင်း လက်မှတ်ဖြင့်သာ မြို့အဝင်၊အထွက်ဂိတ်များကို ဖြတ်သန်းခွင့်ပြုကြောင်း ဒေသခံများထံမှ သိရသည်။
CDF-Matupiနှင့် ပတ်သက်သူများကို ဖမ်းဆီးနိုင်ရန်အတွက် စစ်ကောင်စီတပ်က ကိုဗစ်လက်မှတ်ကို အသုံးချနေသလို ရွေးကောက်ပွဲအကြောင်းပြချက်ဖြင့် အိမ်ထောင်စုစာရင်းများကိုလည်း အသစ်ထပ်မံပြုလုပ်ရန် ထုတ်ပြန်ထားကြောင်းဒေသခံများထံမှ သိရသည်။
“အောက်တိုဘာလကုန်ပိုင်းလောက်မှာ စစ်ကောင်စီတပ်က ၄ ကြိမ်ကာကွယ်ဆေးထိုးရမယ်လို့ ထုတ်ပြန်လာပါတယ်။ ၄ ကြိမ်ကာကွယ်ဆေးထိုးပြီးတဲ့ လက်မှတ်ရရှိမှသာ မြို့အဝင်/အထွက်ဂိတ်တွေမှာ ဖြတ်သန်းခွင့်ပြုတယ်။ မှတ်ပုံတင်ထက် ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့ လက်မှတ်ကိုပဲ အဓိက စစ်ဆေးတယ်။ လက်မှတ်မရှိသေးဘူးဆိုရင် မြို့ထဲအဝင်မခံဘူး။ ပြီးတော့ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ပတ်သက်မှုရှိ/မရှိ မေးမြန်းစစ်ဆေးတယ်။ ကျွန်တော်တို့က ဗမာစကားကို ကောင်းကောင်းမပြောတတ်တော့ လိုရင်းကို ချက်ချင်းမဖြေနိုင်တော့ ရိုက်နှက်တာတွေ ပြုလုပ်လာတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မတူပီမြို့၊ မြို့တွင်းကိုသာ စစ်ကောင်စီတပ်က ထိန်းချုပ်ထားပြီး မြို့အဝင်/အထွက်များကို မကြာခဏပိတ်ပင်ခြင်း၊ ခရီးသွာလာမှုများကို ကန့်သတ်ခြင်း၊ မြို့ခံပြည်သူလူထုများကို အကြောင်းမဲ့ဖမ်းဆီးခြင်းနှင့် ရိုက်နှက် ခြိမ်းခြောက်ခြင်းတို့ကို ရည်ရွယ်ချက်ရှိရှိ ဆက်လက်ကျူးလွန်ဆဲဖြစ်ကြောင်းဒေသခံအချို့က ဆိုသည်။
မတူပီမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နေထိုင်ကြသော ပြည်သူလူထုများအနေဖြင့် စစ်ကောင်စီဂိတ် အဆင့်ဆင့်ကျော်ဖြတ်ရာတွင် စစ်ကောင်စီတပ်များက အမျိုးမျိုးခြိမ်းခြောက်မှုများကြောင့် မတူပီမြို့ထဲသို့ ကိုဗစ်ကာကွယ်ဆေးသွားရောက်ထိုးနှံရန် အခက်ကြုံနေကြပြီး စစ်ကောင်စီတပ်က ကိုဗစ်လက်မှတ်အား အသုံးချမှုအပေါ် ကျေးရွာနေပြည်သူလူထုများစိုးရိမ်မှုမြင့်တက်နေကြကြောင်းသိရသည်။
ဓာတ်ပုံ – ယခင်က ပုံအဟောင်းအား အသုံးပြုထားပါသည်။
#မတူပီ #စစ်ကောင်စီ #ကိုဗစ်ကာကွယ်ဆေး
#Ayeyarwaddy_Times