အိဏ်လင်းအိမ်/ဧရာဝတီတိုင်းမ်
ပြည်၊ နိုဝင်ဘာလ ၃ ရက်

ပဲခူးတိုင်း ပြည်မြို့တွင် လေးဆူဓာတ်ပျော် ရွှေဆံတော်ဘုရားပွဲကို ခြိမ့်ခြိမ့်သဲစည်ကားစေရန် အတွက်ဟု ဆိုကာ စစ်ကောင်စီက ဈေးဆိုင်ခန်းခများ အခမဲ့ဖြင့် စီစဉ်ကြောင်း ပြည်မြို့ ဒေသခံများထံမှ သိရသည်။

ဆိုင်ခန်းများကို ဘုရား ဓာတ်လှေကားရှေ့မှာ ရွက်ဖျင်တဲသာသာ ထိုးပြီး အခမဲ့ထွက်ခိုင်းခြင်း ဖြစ်သည်ဟု ပြည်မြို့ ဒေသခံ ဈေးသည် တစ်ဦးကလည်း ပြောပြသည်။

၎င်းက“ဆိုင်ခန်းတွေထိုးပြီး အရင်ဘုရားရှေ့ ဈေးရောင်းနေတဲ့ ဈေးသည်တွေကို ထွက်ခိုင်းတာပါ။ အရင်ဆို ဒီမိုကရေစီ အစိုးရ လက်ထက်ကတော့ ဘုရားဈေးဆိုင်ခန်းတွေကို အခွန်ငွေစနစ်နဲ့ သွားတယ်။ ကိုယ်က ဈေးရောင်းချင်လို့ ဆိုင်ခန်း ထွက်ချင်ရင် ဘုရားဂေါပကဆီမှာ အခွန်ငွေ တစ်ခန်းစာ ဆောင်ပြီး ဆိုင်ခန်းထွက်ရတာပါ။ တစ်မြို့လုံးပတ်လည် ဆိုင်ခန်းတွေနဲ့ ပြည့်နေတာ။ အခုက ဘုရားရှေ့ဓာတ်လှေကားရှေ့ ရွက်ဖျင်တဲသာသာ ထိုးပြီး ဆိုင်ခန်းတွေ အခမဲ့ ထွက်ခိုင်းနေတာ။ဘုရားပွဲ စည်မစည်တော့ မသိဘူး။ လာမယ့်လူတော့ မရှိလောက်ဘူး”ဟုလည်း ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဘုရား ဂေါပက အဖွဲ့ကလည်း ဘုရားပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း ကြေညာထားသည်။

ဂေါပက အဖွဲ့ ကြေညာချက်ထဲမှာလည်း အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းက စတင်ပြီး ဗုဒ္ဓပူဇနိယ ပွဲတော် ဖွင့်လှစ်ခြင်း နှင့် သံဃာတော် ၁၀၉ ပါးကို ဆွမ်းဆန်စိမ်း လောင်းလှူခြင်း၊ နိုဝင်ဘာ ၃ ရက်နေ့ ညနေ ၄ နာရီခွဲမှာ ဗုဒ္ဓမြတ်စွယ်တော်ကို အခမ်းအနားနှင့် ဖွင့်လှစ် အပူဇော်ခံခြင်း၊ နိုဝင်ဘာ ၅ ရက်နေ့ ညနေ ၃ နာရီမှာ ဗုဒ္ဓမြတ်စွယ်တော်ကို ရွှေဆံတော်ဘုရား ရင်ပြင်တော် ပေါ်မှာ လကျ်ာရစ် ၃ ကြိမ် လှည့်လည် အပူဇော်ခံခြင်း၊ နိုဝင်ဘာ ၉ ရက် ည ၇ နာရီအချိန်မှာတော့ ဗုဒ္ဓမြတ်စွယ်တော်ကို ၁ နှစ်တာ ကိန်းဝပ် စံပယ်တော်မူမည့် ဂန္ဓကုဋီတိုက်သို့ ပြန်လည် ပင့်ဆောင် သိမ်းဆည်းခြင်း စသည့် အစီအစဉ်များဖြင့် ကျင်းပသွားမှာ ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။

ယခင် ဒီမိုကရေစီအစိုးရ လက်ထက်က လေးဆူဓာတ်ပျော် ရွှေဆံတော်ဘုရားပွဲကို နှစ်စဉ်နှစ်တိုင်း ၁၀ ရက်ခန့် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်ဟု ဆိုသည်။

ဗုဒ္ဓမြတ်စွယ်တော် လှည့်လည် အပူဇော်ခံသော နှစ်များတွင်လည်း ယိမ်းကားများနှင့် မြို့အနှံ့ လှည့်လည်ကာ ဖျော်ဖြေမှုများ ပြုလုပ်ကြကြောင်းလည်း ပြည်မြို့ခံများက ပြောသည်။

ပြည်မြို့က အဝေးရောက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကဗျာဆရာမ တစ်ဦးကမူ“ဘုရားပွဲတော်ကို မကျင်းပ သင့်ဘူး။ ဘုရားပွဲကို မလုပ်သင့်ဘူးပြောတာတော့ မကောင်းပေမယ့် တစ်နိုင်ငံလုံး သေကြေပျက်စီးနေတဲ့ ခေတ်ပျက်ကြီးမှာ စကစ က လုပ်တာတော့ မသင့်ဘူးထင်တယ်။ ဂေါပက က ဘောမဆိုတော့ လုပ်မှာပဲ။ ကိုယ်တွေပြည်သူတွေက တစ်ညီတစ်ညွှတ်တည်း တွန်းလှန်ပြီး ဘယ်သူမှ မသွားကြဖို့ တောင်းဆိုတယ်။ ကိုဗစ်တွေလည်း ပြန်ဖြစ်နေတယ်။ ခိုးဆိုးလုနှိုက်တွေရဲ့ အန္တရာယ်လည်း ရှိတယ်။ ဒါကြောင့် ပြည်မြို့သူမြို့သားများ အားလုံး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါ”ဟု ပြောဆိုသည်။

ယခုအခါ စစ်ကောင်စီက နိုင်ငံတဝန်းတွင် တန်ဆောင်တိုင် ဘုရားပွဲတော်များကို စည်ကားအောင် အတင်း တိုက်တွန်း ကျင်းပလျက်ရှိပြီး ပဲခူးတိုင်းအတွင်း ပဲခူး၊ ပေါင်းတည်၊ ပြည် အစရှိသော မြို့များတွင် နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်သော ဘုရားပွဲတော်များကို မဖြစ်မနေ ကျင်းပဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်းလည်း သိရသည်။

ဓာတ်ပုံ-ပုံဟောင်းဖြစ်သည်။
#Ayeyarwaddy_Times