ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၃ ရက်
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နိုဝင်ဘာလ ၃ ရက် ဒီကနေ့ ည ၆ နာရီ ခွဲဝန်းကျင်လောက်မှာ ထားဝယ်မြို့ကိုရောက်ရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မနက်ဖြန်မှာ ထား ဝယ်ရေနက်ဆိပ်ကမ်းကိုသွားရောက်မှာဖြစ်လို့ ထားဝယ် ရေနက်ဆိပ်ကမ်းတဝိုက်မှာ စစ်ကောင်စီတပ်အင်အား ၂၀၀ ကျော်ကိုလည်း လုံခြုံရေးချထားပြီး ထားဝယ်မြို့တွင်းအနှံ့ ကိုလည်းလုံခြုံရေးတင်းကြပ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
”ခုနက ထားဝယ်လေဆိပ်မှာသူ့ကိုသွားကြိုနေကြတယ်။ လေဆိပ်သွားတဲ့လမ်းတလျှောက်မှာလည်း ကင်းပုန်း တွေရောရှိတယ်၊ သူလာမယ်ဆိုလို့လုံခြုံရေးချထားတာ။ မနက်ဖြန်ကို ထားဝယ်ရေနက်ဆိပ်ကမ်းကိုသွားမယ် လို့သိရတယ်၊ အဲ့ဒီမှာလည်း စစ်အင်အား ၂၀၀ ကျော်လောက်လုံခြုံရေးချထားတယ်” လို့ ထားဝယ်စစ်ကောင်စီ နဲ့နီးစပ်တဲ့ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဒီကနေ့ညကိုတော့ ထားဝယ်မြို့အခြေစိုက် အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ ၈) တပ်မထဲမှာအိပ်မှာဖြစ်ပြီး မနက်ဖြန်မှာထားဝယ်အခြေစိုက်စစ်တပ်တွေနဲ့တွေ့ဆုံဖို့ရှိတယ် လို့လည်း သူကဆက်လက်ပြောပါတယ်။
စကခ ၈ နဲ့လက်အောက်ခံတပ်ရင်းတွေဟာ ကရင်ပြည် နယ်၊ KNU တပ်မဟာ ၅ နဲ့ ၆ ထိန်းချုပ်နယ်မြေဒေ သတွေမှာ တိုက်ခိုက်ရေးတပ်မအနေနဲ့ဝင်ရောက်နေတာဖြစ်ပြီး အဲ့ဒီနယ်မြေအတွင်းဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ စစ်ကောင် စီတပ်သားတွေ ထိခိုက်သေဆုံးမှုများပြားနေသလို၊
ကရင့်ပူးပေါင်းတပ်ဖွဲ့တွေဆီကို CDM ပြုလုပ်ပူးပေါင်းမှုတွေများပြားနေတယ်လို့ KNLA သတင်းရင်းမြစ်တွေဆီကသိရပါတယ်။
ထားဝယ်မြို့ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မွေးရပ်ဇာတိမြေလည်းဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် တနှစ်ခွဲကျော်ကာလအတွင်း တနင်္သာရီတိုင်းအတွင်းကိုသွားရောက်တာ ၃ ကြိမ်မြောက်ရှိပြီ လည်းဖြစ်ပါတယ်။
ဓာတ်ပုံ-ပုံဟောင်းဖြစ်သည်။
#ထားဝယ် #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #ရောက်ရှိ #လုံခြုံရေးတင်းကြပ် #AyeyarwaddyTimes