ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၁ ရက်
ရခိုင်ပြည်နယ်၊ ဝီရဌာနီမြို့နယ်၊ ငပြီကျွန်းတွင် ခမရ (၃၅၄) နှင့် ခမရ (၃၄၄) တို့၏ လက်ကျန်တပ်များအနေဖြင့် ကျွန်း၏ အရှေ့မြောက်ဘက်ကို ဆက်လက် ဦးတည်နိုင်ရေးအတွက် ကြိုးပမ်းနေသည်ကို တွေ့ရှိရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်တပ်က လက်နက်ကြီးစခန်းကို နေရာအတည်တကျ ခြေကုပ်ယူနိုင်ခြင်းမရှိသေးဘဲ ယာယီအမြောက်စခန်း ပုံစံမျိုးဖြင့် ရွှေ့ပြောင်းပစ်ခတ်လျက်ရှိပြီး ငပြီကျွန်းနှင့် ရွှေမင်းဂံ ရေတပ်စခန်း ရေကြောင်းဆက်သွယ်မှု ပြန်လည်ရရှိသွားကာ လူနာများကိုလည်း ရေကြောင်းဖြင့် ပြန်လည်သယ်ဆောင်သွားခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် ခမရ (၃၄၄) မှ စစ်ကြောင်းနှစ်ကြောင်းမှာလည်း စစ်ကူလိုက်ရန် ပြင်ဆင်ထားပြီးဖြစ်သည်ဟု သိရသည်။
”ငပြီကျွန်းပေါ် စစ်တပ်က ခြေကုတ်မရသေးဘူး။ လက်နက်ကြီးတွေနဲ့ လှည့်လည်နေရတဲ့သဘောရှိတယ်။ AAကလည်း လိုက်ချေမှုန်းနေတယ်လို့ သိရတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တပ်ဖြန့်ထားသည့် တပ်မ ၁၀၁ ကို ပုဏ္ဏားကျွန်း စစ်မျက်နှာပြင်တွင် အသေခံ ခံစစ် ဆင်ခိုင်းထားပြီး နယ်မြေခံတပ်စခန်းများက ငပြီကျွန်းဘက်ကို အလစ်အငိုက်ယူ တိုက်စစ်ဆင်လာခဲ့ခြင်းမျိုးဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ငပြီကျွန်းကို စစ်တပ်က နည်းမျိုးစုံဖြင့်ကမ်းတက် ခြေကုတ်ယူရန်ကြိုးပမ်းနေသော်လည်း AAဘက်က အပြည့်အဝထိန်းချုပ်ထားဆဲဖြစ်ကြောင်း ဦးခိုင်သုခက ပြောထားသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၆ရက်က စစ်တွေတိုက်ပွဲနှင့် ငပြီကျွန်းပါ်ကို ပစ်ကူပေးနေသည့် ကုလားတန်မြစ်ဝမှ စစ်သင်္ဘော သုံးစီးကို AAက ပစ်ခတ်ဖျက်ဆီးထားပြီးဖြစ်သည်။ ထို့အပြင် နတ်ရေကန်ဗျူဟာမှ ခဲယမ်း၊ ရိက္ခာပို့သည့် ပါရာမော်တာကို ယမန်နေ့ အောက်တိုဘာ ၃၀က ပစ်ချနိုင်ခဲ့သည်။