ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၁ ရက်

ယူကရိန်းနိုင်ငံသို့ ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံတန်ကြေးရှိ ပက်ထရီယော့ဒုံးကျည် ၅၀၀ ရောင်းချဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့မှာ အတည်ပြုလိုက်ပါတယ်။

ဒါဟာ ဒေါ်နယ်ထရမ့်ရဲ့ ဒုတိယမြောက် သမ္မတသက်တမ်းအတွင်း ယူကရိန်းမြို့တော် ကိယက်ဗ် ထံ ကာကွယ်ရေးလက်နက်တွေ ထောက်ပံ့ပေးမှုတွေထဲက အရေးပါဆုံး ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်က ရုရှားနဲ့ ဒီဇယ်ဆိုင်ရာ သဘောတူညီချက် ထုတ်ပြန်ခဲ့ပြီး ရုရှားနိုင်ငံရှိ ရေနံချက်စက်ရုံတွေကို ယူကရိန်းရဲ့ တိုက်ခိုက်မှုအပေါ် ယူကရိန်းသမ္မတ ဇီလန်စကီးကို ဝေဖန်ခဲ့ပြီးနောက် နှစ်နိုင်ငံကြား ဒုံးကျည်ပေးပို့မှု ကြန့်ကြာခဲ့တာပါ။

ရုရှားဒုံးကျည်တွေကို ကြားဖြတ် တိုက်ဖျက်ဖို့အတွက် ဒုံးကျည် ကာကွယ်ရေးစနစ်တွေ အရေးပေါ် လိုအပ်နေတယ်လို့ ယူကရိန်းက တောင်းဆိုနေပြီး ပက်ထရီယော့စနစ်ဟာ ရုရှားဒုံးကျည်တွေကို ခုခံဖို့ အထိရောက်ဆုံး လက်နက်လည်း ဖြစ်ပါတယ်။

ရုရှားရဲ့ ဒရုန်းနဲ့ ဒုံးကျည် တိုက်ခိုက်မှုတွေကြောင့် ဒနီပရိုမြို့မှာ ၁၄ ဦး၊ အခြားမြို့တွေမှာ ၅ ဦးနဲ့ ကိယက်ဗ်မြို့မှာ ၁ ဦး သေဆုံးခဲ့ပြီးနောက် ရုရှားက စွမ်းအင်နဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်မှု မြှင့်တင်နေချိန်မှာ အမေရိကန်ထံမှ ဒုံးကျည်ရရှိဖို့ တစ်လနီးပါး စောင့်ဆိုင်းနေရကြောင်း ဇီလန်စကီးက သောကြာနေ့မှာ ပြောဆိုခဲ့ပါတယ်။

လက်နက်ရောင်းချမှု အများစုဟာ နှစ်ချီကြာလေ့ရှိပြီး ပက်ထရီယော့ဒုံးကျည်တွေကို ထုတ်လုပ်ရဦးမှာဖြစ်လို့ ၂၀၃၀ ပြည့်နှစ်များအထိ ကြန့်ကြာနိုင်တယ်လို့ အမေရိကန် သတင်းရင်းမြစ်နှစ်ခုက ဆိုပါတယ်။

ယူကရိန်းက အမေရိကန်စစ်တပ်မှာ အသင့်ရှိနေတဲ့ ပက်ထရီယော့ဒုံးကျည်တွေကို အရင်ပေးပို့ပြီး အသစ်ထွက်လာမှ ပြန်အစားထိုးပေးဖို့ ပင်တဂွန်ကို တွန်းအားပေးနေပါတယ်။

အမေရိကန်ရဲ့ JUMPSTART အစီအစဉ်အရ ကနေဒါ၊ ဂျာမနီနဲ့ နော်ဝေနိုင်ငံတို့ရဲ့ ထောက်ပံ့ငွေတွေအပြင် ဥရောပသမဂ္ဂ (EU) ရဲ့ ချေးငွေတွေနဲ့ ဒီဒုံးကျည်ဝယ်ယူမှုကို ယူကရိန်းက ကျခံရမှာ ဖြစ်ပါတယ်။

ဒုံးကျည် ထုတ်လုပ်ရေးအတွက် အဓိက ကန်ထရိုက်တာက Lockheed Martin ကုမ္ပဏီဖြစ်ပြီး ပင်တဂွန်ကလည်း လက်နက်ထုတ်လုပ်သူတွေကို မြန်ဆန်စွာ ထုတ်လုပ်ပေးဖို့ ဖိအားပေးနေပါတယ်။

News: Reuters
Ref; US approves $2.1 billion Patriot missile sale to Ukraine