ဆောင်းပါးရှင် – TBR Commentary
အောက်တိုဘာ ၃၁ ရက်
ရဲဝင်းဦး၊ သူ့မှာ သေနတ်ရှိမယ်၊ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ညိုစောမှာ ငွေရှိမယ်၊ ရဲဝင်းဦးရဲ့ဆရာဆီမှာ သူ့ကို အမိန့်ပေးနိုင်တဲ့ လက်မှတ်ရှိနေမယ်ဆိုရင် ဘယ်သူ အာဏာအရှိဆုံးဖြစ်မလဲ။
သူ့ဆရာလား၊ သူ့လုပ်ဖော်ကိုင်ဖက်လား၊ သူလား။
မြန်မာစစ်ဘုရင် အာဏာရှင်တွေခေတ်အဆက်ဆက် သားက အဖေကိုသတ်၊ တပည့်က ဆရာကို သတ်နဲ့ အာဏာလုပွဲတွေ ဘယ်လို အဆုံးသတ်ခဲ့သလဲဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။
အခု ၂၀၂၆ ခုနှစ် ရောက်လာတဲ့အခါမှာ အဓမ္မ အာဏာသိမ်းပြီး ဒီမိုကရေစီအစိုးရ အမည်ခံနေတဲ့ မင်းအောင်လှိုင်အုပ်စုဟာ အပြင်ပန်းမှာ ညီညွတ်နေသယောင် ပြသနေပေမယ့် အတွင်းပိုင်းမှာတော့ အာဏာ သံပလ္လင်ကြီးကို လုဖို့ ဓားသွေးနေကြပါတယ်။ ဘယ်သူက အရင်ဓားထုတ်မလဲဆိုတာကတော့ ဒီဆောင်းပါးမှာ သုံးသပ်သွားပါမယ်။
၁။ အာဏာမဏ္ဍိုင် သုံးခုနှင့် ဇာတ်ကောင်များ
“အပြင်ပန်းမှာတော့ ၂၀၂၆ ခုနှစ်ရဲ့ နေပြည်တော် စစ်အာဏာရှင် ယန္တရားကြီးဟာ သံမဏိကဲ့သို့ သန်မာနေသယောင် ပြသနေပါတယ်။ ဒါပေမယ့် နိုင်ငံရေးသိပ္ပံသဘောတရာတခုအရ(‘အာဏာသိမ်းမှု တားဆီးရေးဗျူဟာ’) (Coup-proofing Theory) အာဏာရှင် တဦးဟာ မိမိရဲ့ ရာထူးပလ္လင်ကို အနီးကပ် စစ်ဗိုလ်ချုပ်တွေဆီကနေ ပြန်လည် အာဏာသိမ်းမခံရအောင် ဘယ်တော့မှ အာဏာကို တနေရာတည်းမှာ ပုံအောမထားပါဘူး။
အချင်းချင်း မယုံသင်္ကာစိတ်နဲ့ စောင့်ကြည့်နေရမယ့်၊ တဦးကိုတဦး ပြန်လည် ကျားကန်ထားရမယ့် အာဏာမဏ္ဍိုင်ကြီး သုံးခုကို တမင်တကာ ဖန်တီးထားလေ့ ရှိပါတယ်။ ယနေ့ နေပြည်တော်အစိုးရရဲ့ နောက်ကွယ်မှာလည်း နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွားရေး ဖဲချပ်တွေကိုယ်စီ ကိုင်ထားတဲ့ အဓိက ဇာတ်ကောင် သုံးဦး ပေါ်ပေါက်လို့ လာပါတယ်။ ဒါကြောင့်မို့… ဒီ သုံးပွင့်ဆိုင် စစ်အေးတိုက်ပွဲရဲ့ အတွင်းစည်းကစားကွက်တွေကို တဦးချင်းစီ ခွဲခြမ်းစိတ်ဖြာ ကြည့်ကြရအောင်ပါ။”
မဏ္ဍိုင် ၁။ ပလ္လင်ပေါ်က လူ
ဘောင်းဘီချွတ် သမ္မတ မင်းအောင်လှိုင် ဖြစ်ပါတယ်။ အာဏာသိမ်းစစ်ဗိုလ်ချုပ်ဘဝကနေ ရွေး/တုက ဇွတ်တင်မြှောက်လိုက်တဲ့ သမ္မတဖြစ်လာတာပါ။ နိုင်ငံတကာ မျက်နှာစာမှာ တရားဝင်မှု ရှာဖို့အတွက် စစ်အာဏာရှင်စနစ် မဟုတ်တော့ပါဘူးလို့ ပြသဖို့ ကြိုးစားနေပေမဲ့… လက်တွေ့မှာတော့ သူ့ရဲ့ နောက်ကျောမလုံတဲ့အတွက် သူ့အာဏာကို အမြင့်ဆုံးအဆင့်မှာပဲ ဆက်လက်ဆုပ်ကိုင်ထားဖို့ အမျိုးသားလုံခြုံရေးဗျူရို (NSB) ကို ပြင်ဆင်ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။
လက်ရှိ NSB ရဲ့ အသွင်သဏ္ဍာန်နဲ့ အနှစ်သာရဟာ အတိတ်က ဗိုလ်ချုပ်ကြီးခင်ညွန့်ခေတ် အမျိုးသားထောက်လှမ်းရေးအဖွဲ့ (NIB) နဲ့ ဆင်တူနေပါတယ်။ ဒါပေမဲ့ အကြီးဆုံးအပြောင်းအလဲကတော့ ထောက်လှမ်းရေးအရာရှိတွေကို အာဏာမအပ်ဘဲ၊ သမ္မတအဆင့်ကနေ တိုက်ရိုက်ကိုင်တွယ် ကွပ်ကဲနေခြင်း ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို ထောက်လှမ်းရေးသမ္မတလို့ ခေါ်ဆိုချင်ပါတယ်။ သူဟာ စစ်ဘက်အရပ်ဘက် သတင်းကွန်ရက်အားလုံးကို သမ္မတအဆင့်ကနေ ဗဟိုပြုချုပ်ကိုင်ကာ မိမိရဲ့ အာဏာအင်ပါယာကို အကာအကွယ်ပေးဖို့ ဤဗျူရိုကို ခိုင်ခိုင်မာမာ အသုံးချနေတာ ဖြစ်ပါတယ်။
ဒီလို ထောက်လှမ်းရေးယန္တရားတခုလုံးကို သမ္မတရုံးအောက် ဆွဲသွင်းပြီး အစွမ်းကုန် ချုပ်ကိုင်ထားပေမဲ့… ဤနေရာမှာ သူ့အတွက် အင်မတန် ကြီးမားတဲ့ မဟာဗျူဟာမြောက် အားနည်းချက်နဲ့ အကျပ်အတည်း တခု ရှိနေပြန်ပါတယ်။ အဲဒါကတော့… သူဟာ ယူနီဖောင်းချွတ်လိုက်ရတဲ့အတွက် မြေပြင်က သေနတ်ကိုင် တပ်ရင်းတပ်ဖွဲ့တွေကို တိုက်ရိုက်အမိန့်ပေး စေခိုင်းခွင့်ဖြစ်တဲ့ (Command Authority) လုံးဝ မရှိတော့တာပါပဲ။
ဒီဗျူရိုကြီးကို အထက်ကနေ ဘယ်လောက်ပဲ ဗဟိုပြုချုပ်ကိုင်ထားပါစေ… သူ့လက်ထဲမှာ ရှိနေတဲ့ မဟာဗျူဟာမြောက် ဖဲချပ်ဟာ ဥပဒေကြောင်းအရ အဆင့်မြင့်ဆုံး အမိန့်စာလွှာတွေနဲ့ နိုင်ငံတော်အဆင့် ရာထူးအာဏာ သက်သက်သာ ဖြစ်ပါတယ်။ သူဟာ သေနတ်မရှိတဲ့ စစ်ဘုရင် တဦးလို ဖြစ်နေပြီး၊ သူ့ရဲ့ ပလ္လင် တည်မြဲရေးအတွက် အောက်က သေနတ် တကယ်ကိုင်ထားသူတွေကို မဖြစ်မနေ မှီခိုနေရတဲ့ အနေအထား ဖြစ်ပါတယ်။”
မဏ္ဍိုင် ၂။ ရဲဝင်းဦး
“ဒုတိယ မဏ္ဍိုင်ကတော့ ၂၀၂၆ ခုနှစ်ရဲ့ တပ်ချုပ်သစ် ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဖြစ်ပါတယ်။ သူဟာ မြန်မာ့စစ်တပ် သမိုင်းတလျှောက်မှာ အာဏာအရှိဆုံးနဲ့ အန္တရာယ်အရှိဆုံး အနေအထား တခုကို ရောက်ရှိလာတဲ့ ဇာတ်ကောင် ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက… မင်းအောင်လှိုင်ဟာ သူ့ရဲ့ စိတ်ကြိုက်ရွေးချယ်ထားတဲ့ ဒီတပည့်တပ်ချုပ်ကိုတောင် ပြည့်ပြည့်ဝဝ ယုံကြည်ခြင်း မရှိတာပါပဲ။
တကယ်တမ်းဆိုရင် လုံခြုံရေးဆိုင်ရာအဖွဲ့ဖြစ်လို့ ၂၀၀၈ ခြေဥအရ တပ်ချုပ်ကိုသာ ဥက္ကဋ္ဌနေရာ ပေးသင့်ပေမယ့်၊ မင်းအောင်လှိုင်က ကာ/လုံကိုပါကျော်ပြီး နေရာတကာ လိုက်လံချုပ်ကိုင်ချင်လို့ NSB အဖွဲ့သစ်မှာ ရဲဝင်းဦးကို ဒုတိယဥက္ကဋ္ဌ (၂) ဆိုတဲ့ နံပါတ် ၃ နေရာမှာပဲ အဆင့်နှိမ့်ပြီး ထားရှိခဲ့ပါတယ်။
ရာထူးအပြောင်းအလဲတွေကြောင့် ရဲဝင်းဦးဟာ လက်ရှိမှာ စရခချုပ် မဟုတ်တော့ဘဲ၊ ၎င်းရဲ့နေရာကို ဒုဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်က စရခချုပ်သစ်နဲ့ NSB အတွင်းရေးမှူးအဖြစ် လွှဲပြောင်းရယူသွားပြီ ဖြစ်ပေမဲ့… ရဲဝင်းဦးရဲ့ အာဏာဟာ လျော့ကျမသွားပါဘူး။ ဘာကြောင့်လဲဆိုတော့ သူဟာ စရခချုပ်ဟောင်း ဖြစ်ခဲ့တဲ့အတွက် အတိတ်က ထောက်လှမ်းရေး သတင်းအချက်အလက်တွေ၊ လူတိုင်းရဲ့ လျှို့ဝှက်ချက်ဖိုင်တွေကို ကောင်းကောင်း ဆုပ်ကိုင်ထားနိုင်ဆဲ ဖြစ်လို့ပါပဲ။
ပိုပြီးတော့ ထူးခြားတာက… လက်ရှိ NSB ထဲမှာ နည်းပညာနဲ့ National Database တည်ဆောက်ရေးအတွက် အဓိကကျတဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်ဟာ တပ်ချုပ် ရဲဝင်းဦးရဲ့ အစ်ကို အရင်းခေါက်ခေါက် ဖြစ်နေတာပါပဲ။
ဆိုလိုတာက… ရဲဝင်းဦးရဲ့ လက်ထဲမှာ ‘ဓား’ ဖြစ်တဲ့ မြေပြင် သေနတ်ကိုင်အာဏာ ရှိနေရုံတင်မကဘဲ၊ သူ့ရဲ့ လက်ရုံးဖြစ်တဲ့ စရခချုပ်သစ် ဒုဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်နဲ့ သူ့အစ်ကို ဝန်ကြီး ဦးမြင့်ကြိုင်တို့ဆီကတဆင့် ‘နားမျက်စိ’ အာဏာကိုပါ နောက်ကွယ်ကနေ ဆက်လက် ကွန်ရက်ဖြန့်ထားနိုင်ဆဲ ဖြစ်ပါတယ်။
‘သတင်းဦးသူဟာ အာဏာအရှိဆုံး’ ဆိုတဲ့ ပကတိနိုင်ငံရေးဝါဒအရ နေပြည်တော်က လျှို့ဝှက်ချက်အားလုံးဟာ ရဲဝင်းဦးရဲ့ ကွန်ရက်ထဲမှာပဲ ရှိနေဆဲ ဖြစ်ပါတယ်။ သမ္မတ မင်းအောင်လှိုင်က ကာ/လုံရဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ကို ကျော်လွှားပြီး နေ့စဉ် လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို မြန်မြန်ဆန်ဆန် ချမှတ်ဖို့ NSB ကို ကိုယ်တိုင် ဥက္ကဋ္ဌလုပ်ပြီး ချုပ်ကိုင်ဖို့ ကြိုးစားနေပေမဲ့… သမ္မတရဲ့ စားပွဲပေါ်ကို တက်မယ့် သတင်းမှန်သမျှဟာ ရဲဝင်းဦးရဲ့ ကွန်ရက်ကို ဖြတ်ပြီးမှ သွားရမှာ ဖြစ်ပါတယ်။
ဒါကြောင့် သမ္မတဟာ တပည့်ဖြစ်သူ ပြသချင်တဲ့ ‘မှိုင်းတိုက်ထားတဲ့ အမှန်တရား’ ထဲမှာပဲ ပိတ်မိနေနိုင်ပြီး၊ ဒီလို အချိန်မရွေး ပြန်လည် အာခံ ဖမ်းချုပ်နိုင်တဲ့ အရှိန်အဝါမျိုး ရှိနေလို့ပဲ… မင်းအောင်လှိုင်ဟာ ရဲဝင်းဦးကို ကြောက်လန့်ပြီး ညိုစောနဲ့ တဖက်က ညှပ်ပိတ် ထိန်းကျောင်းနေရတာ ဖြစ်ပါတယ်။”
မဏ္ဍိုင် ၃။ ညိုစော
“ဒါဆိုရင်… သေနတ်မရှိတဲ့ သမ္မတဟာ ဓားရော နားမျက်စိပါ ကိုင်ထားတဲ့ တပ်ချုပ်သစ်ရဲ့ အန္တရာယ်ကို ဘယ်လို တားဆီးမလဲ။ ဤနေရာမှာ တတိယ မဏ္ဍိုင်ဖြစ်တဲ့ ငွေသေတ္တာနဲ့ ရိက္ခာတိုက်သော့ကို ကိုင်ထားသူ… ဒုတိယသမ္မတ (၁) ဦးညိုစော ပေါ်လာပါတော့တယ်။
ဆောင်းပါးပါ အချက်အလက်တွေအရ အာဏာရှိန်အဝါ ကြီးမားလှတဲ့ တပ်ချုပ် ရဲဝင်းဦးဟာ NSB မှာ ဒုတိယဥက္ကဋ္ဌ (၂) ဆိုတဲ့ နံပါတ် ၃ နေရာကိုပဲ ရရှိခဲ့တာ ဖြစ်ပါတယ်။ အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်ဟာ ကိုယ်တိုင်စိတ်ကြိုက်ရွေးထားတဲ့ တပည့်တပ်ချုပ်ကိုပင် ပြည့်ပြည့်ဝဝ ယုံကြည်ခြင်းမရှိလို့ ရဲဝင်းဦးရဲ့ အထက် တည့်တည့် နံပါတ် ၂ နေရာဖြစ်တဲ့ ဒုတိယဥက္ကဋ္ဌ (၁) ရာထူးကို သူ့ရဲ့ အမာခံလူ ယုံကြည်ရသူ ဦးညိုစောကို အခိုင်အမာ ပေးအပ်ပြီး တပ်ချုပ်ကို အထက်ကနေ ဖိညှပ် ကျားကန်ခိုင်းထားတာ ဖြစ်ပါတယ်။
မင်းအောင်လှိုင်ဟာ တချိန်က လိုသလို အသုံးချခဲ့တဲ့ ကာ/လုံကို ကျော်လွန်ပြီး နေ့စဉ် လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို စိတ်တိုင်းကျ မြန်မြန်ဆန်ဆန် ချမှတ်ဖို့ ဤ NSB ကို ဖွဲ့စည်းခဲ့တာမို့၊ ကာ/လုံထဲက အမျိုးသမီး ဒုသမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌတွေကို ချန်လှပ်ခဲ့ပေမဲ့ ဦးညိုစောကိုတော့ သူ့ရဲ့ ဘေးနားမှာ အနီးကပ်ဆုံး ထားရှိခဲ့ပါတယ်။
ဦးညိုစော ကိုင်ထားတဲ့ မဟာဗျူဟာမြောက် ဖဲချပ်ကတော့ စစ်တပ်ရဲ့ အသက်သွေးကြောဖြစ်တဲ့ စီမံခန့်ခွဲမှုနဲ့ ‘စီးပွားရေးအင်ပါယာ’ ဖြစ်ပါတယ်။ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ စီးပွားရေးလုပ်ငန်းစုကြီး အားလုံးဟာ သူ့လက်ထဲမှာ ရှိပါတယ်။
စစ်တပ်တခုလုံး ရှင်သန်ဖို့၊ စစ်သားတွေ ရှေတန်းမှာ တိုက်ပွဲဝင်နိုင်ဖို့အတွက် လိုအပ်တဲ့ ရိက္ခာ၊ ခဲယမ်းနဲ့ လောင်စာဆီလမ်းကြောင်းအားလုံးကို ဦးညိုစောကပဲ ချကိုင်ထားတာ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး… နိုင်ငံတွင်းက ထိပ်တန်း ခရိုနီကြီးတွေရဲ့ ဘဏ္ဍာရေးကွန်ရက်နဲ့ ပြည်ပက လက်နက်ပွဲစား လမ်းကြောင်းတွေကိုလည်း သူကပဲ ဗဟိုကနေ ထိန်းချုပ်ထားပါတယ်။ ရဲဝင်းဦးမှာ မြေပြင် သေနတ်အာဏာ ရှိပေမယ့်၊ အဲဒီသေနတ်တွေ လှုပ်ရှားဖို့ ရန်ပုံငွေနဲ့ လောင်စာဆီကိုတော့ ဒုတိယသမ္မတ (၁) ဦးညိုစောက အထက်ကနေ မောင်ပိုင်စီးပြီး တပည့်တပ်ချုပ်ကို ဓားစာခံအဖြစ် ပြန်လည် ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။”
သမိုင်းအစဉ်အလာအရ ကြည့်ရင် မြန်မာ့စစ်တပ်ဟာ အတိတ်က ပုံစံခွက်ဟောင်းတွေအတိုင်းပဲ စက်ဝိုင်းလည်ပြီး ပြန်လည် တုံ့ပြန်တတ်ကြပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေတ်က ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ခင်ညွန့်ဟာ တခြားဝန်ကြီးဌာနတွေအပေါ် လွှမ်းမိုးပြီး ‘နိုင်ငံတော်အတွင်းက နိုင်ငံ’ ဖြစ်လာခဲ့လို့ နောက်ဆုံးမှာ စစ်တပ်ရဲ့ ဖယ်ရှားခြင်းကို ခံခဲ့ရပါတယ်။ အခုလည်း မင်းအောင်လှိုင်ဟာ သူ့တပည့်လက်ထဲ စစ်တပ်အပ်ပြီး မယုံကြည်နိုင်လို့ ညိုစောနဲ့ ညှပ်ပိတ်ပြီး ထိန်းကျောင်းဖို့ ကြိုးစားနေပါတယ်။
ဒါပေမယ့် လက်ရှိ မြေပြင်စစ်ရေး ရှုံးနိမ့်မှုတွေ ပြင်းထန်လာတာနဲ့အမျှ၊ တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင်အကျိုးစီးပွားနဲ့ တည်ငြိမ်မှုအတွက် မင်းအောင်လှိုင်ထက်စာရင် ရဲဝင်းဦးကို နောက်ကွယ်ကနေ မီးစိမ်းပြလာမယ့် အခိုက်အတန့်မျိုး ရောက်လာခဲ့သည်ရှိသော်… ‘သေနတ်’ ကို ကိုင်ထားတဲ့ ရဲဝင်းဦးနဲ့ ‘ငွေအိတ်’ ကို ကိုင်ထားတဲ့ ဦးညိုစောနဲ့ ဗျုရိုဥက္ကဋ္ဌ သမ္မတကြီးတို့ရဲ့ တိုက်ပွဲဟာ ဘယ်လို ပေါက်ကွဲလာမလဲ။ နေပြည်တော်ရဲ့ သံပလ္လင်နောက်ကွယ်က ဒီ သုံးပွင့်ဆိုင် စစ်အေးတိုက်ပွဲဟာ ဘယ်လို ဇာတ်သိမ်းမလဲဆိုတာ ဆက်လက် စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
ဒီ သုံးပွင့်ဆိုင် အာဏာပြိုင်ဆိုင်မှုကြီးဟာ အနာဂတ် မြန်မာပြည်အတွက် ဘယ်လို အလှည့်အပြောင်းမျိုး သယ်ဆောင်လာမလဲဆိုတာ ဆောင်းပါးရဲ့အပိုင်း (၂) မှာ ဆက်လက်တင်ပြသွားပါမယ်။
(ဤဆောင်းပါးကို Ayeyarwaddy Times သတင်းဌာနနှင့် The Book Reader Commentary တို့ ပူးပေါင်းတင်ဆက်သည်။)