ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၁ ရက်
မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဆောင်နေတဲ့ နိုင်ငံတကာ အဖွဲ့တစ်ဖွဲ့ရဲ့ ပူးတွဲ ထုတ်ပြန်ချက်ဟာ အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ ရန်လိုမှုကြောင့်ဖြစ်ပြီး အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံက ရှုတ်ချလိုက်ပါတယ်။
အဆိုပါ ပူးတွဲထုတ်ပြန်ချက်ကို အမေရိကန်၊ ဩစတြေးလျ၊ ဗြိတိန်နဲ့ တောင်ကိုရီးယားတို့ ပါဝင်တဲ့ နိုင်ငံတကာအဖွဲ့က ယခုသီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ မြောက်ကိုရီးယား အလုပ်သမားတွေ စေလွှတ်တာနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်တာတွေကို တားမြစ်ထားတဲ့ ကုလသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အဆိုပြုချက်တွေကို အဖွဲ့ဝင် နိုင်ငံအားလုံး အပြည့်အဝ လိုက်နာကြဖို့ တောင်းဆိုထားပါတယ်။
ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ဖိအားပေးတာဟာ အားနည်းတဲ့ နိုင်ငံတွေအပေါ်မှာသာ သက်ရောက်မှု ရှိနိုင်ပြီး မြောက်ကိုရီးယားအပေါ် လုံးဝ အရာထင်မှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယား၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့ကြောင်း KCNA သတင်းမှာ ဖော်ပြပါတယ်။
အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ နျူကလီးယား လက်နက်ပိုင် မြောက်ကိုရီးယားရဲ့ ရပ်တည်ချက်ကို ဘာမှ အပြောင်းအလဲ လုပ်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
မြောက်ကိုရီးယားအနေနဲ့ အနောက်အုပ်စုရဲ့ ဖိအားပေးမှုတွေကို ဂရုမစိုက်ဘဲ နျူကလီးယားနှင့် ဒုံးကျည် နည်းပညာ တိုးတက်ရေးကိုသာ ဆောင်ရွက်မယ့် သဘောထားကို တိကျစွာ ပြသလိုက်တာပါ။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယား ရည်မှန်းချက်နဲ့ ဒုံးကျည် စီမံကိန်းကို ရပ်တန့်ဖို့ ၂၀၀၆ ခုနှစ်မှာ ဒဏ်ခတ်ပိတ်ဆို့မှု အဆိုပြုချက်တွေကို အတည်ပြုခဲ့ပါတယ်။
မြောက်ကိုရီးယားက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လျစ်လျူရှုပြီး နျူကလီးယားစွမ်းရည်တွေ တိုးမြှင့်ကာ စစ်ရေးလေ့ကျင့်မှုတွေကိုပါ ဆက်တိုက် ပြုလုပ်နေပါတယ်။
News: Reuters
Ref; North Korea says sanctions don’t work to deny its status as nuclear weapons state