ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၁ ရက်

 

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ရှားစေးဖိုကျေးရွာမှ ကင်းပတ်ထွက်လာသည့် ရွေးတုအစိုးရစစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့အား တော်လှန်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက် နေ့က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုကို ကျောက်ဆွယ်ကျေးရွာနှင့် ကျောက်ခွက်ကျေးရွာအကြား၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မင်းဘူးကျွန်းပျူရွာမှ မင်းမင်းထွန်း နှင့် ပေါင်းတည်မြို့နယ်၊ အုန်းနှဲကန်ပျူရွာမှ သိန်းဆောင် ဆိုသူ ပျူစောထီး နှစ်ဦး သေဆုံးခဲ့ပြီး ငါး ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကင်းပတ်ထွက်တာ ပျူ ၁၀ ယောက်ကျော်ပါ။ တိုက်ပွဲက မိနစ်ပိုင်းလောက်ပါပဲကြာတာ။ ဒဏ်ရာ ငါးယောက်နဲ့ပြန်‌ပြေး၊သေဆုံးနှစ်ယောက်က အလောင်း၊ လက်နက် ကျန်ခဲ့လို့ နှစ်လက်ရတာပါ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

တိုက်ပွဲအတွင်း စစ်တပ်လက်အောက်ခံ ပျူစောထီးများထံမှ G-3 သေနတ် နှစ် လက်နှင့် ကျည်ဆန်များကို သိမ်းဆည်းရမိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်မရှိကြောင်း ပဲခူးတိုင်းစစ်ဌာနထုတ်ပြန်ချက်အရ သိရသည်။

 

တိုက်ပွဲဖြစ်ပွါးပြီးနောက် ပတ်ဝန်းကျင်ကျေးရွာများကို စစ်တပ်ဘက်မှ ပါရာတာမော်တာနှစ် စီးဖြင့် လိုက်လံဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၆) မှ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

 

ဓာတ်ပုံ – ပဲခူးတိုင်းစစ်ဌာန