ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃ ရက်

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်မှာရှိတဲ့ ဗိုလ်မြတ်ထွန်းတံတားအဆင်းမှာ စစ်ကောင်စီတပ်သားတွေက ဇွန်လကစတင်ကာ လာသမျှယာဉ်တွေကို ဆက်ကြေးသဘောမျိုး ငွေတောင်းတာတွေပြုလုပ်နေတယ်လို့ ယာဉ်မောင်းသူတွေ ထံက သိရပါတယ်။

စစ်ကောင်စီတပ်သားတွေက ဗိုလ်မြတ်ထွန်းတံတားအဆင်းမှာစောင့်ပြီး ယာဉ်တွေကို စစ်ဆေးသလိုပုံစံမျိုး လုပ်ကာ အထောက်အထားအပြည့်အစုံ ထုတ်ပြနိုင်ရင်လည်း ငွေတောင်းတာတွေပြုလုပ်နေတာလို့ ယာဉ်မောင်းသူတဦးက ပြောပါတယ်။

“ ကျွန်တော်တို့က အထောက်အထားပြည့်စုံအောင်လုပ်ထားတယ် ယာဉ်ရော လူရောပေါ့ ရှင်းရှင်းပြော ရရင်တော့ ဒီသူတောင်းစားတွေကို မပေးချင်ဘူး ဒါပေမယ့် မပေးရင်လည်း ခရီးကဆက်သွားလို့ မရေတော့ဘူး အဲ့တော့ ပေးလိုက်ရတယ် အနည်းဆုံး ၅ ထောင်ကနေ ၅ သောင်းပဲ”လို့ ယာဉ်မောင်းသူတဦးက ဧရာဝတီတိုင်းမ် ကိုပြောပါတယ်။

ဗိုလ်မြတ်ထွန်းတံတားအဆင်းမှာ စစ်ကောင်စီတပ်သားတွေက လာသမျှယာဉ်ကိုတားပြီး စစ်ဆေးတဲ့ပုံစံမျိုးနဲ့ ကုန်ကားမောင်းသူတွေကို ၅ ထောင်တောင်းသလို အိမ်စီးကားတွေ ကားအကောင်းစားတွေကိုတော့ ၅ သောင်းကနေ ၁ သိန်းကြားခွဲခြားပြီး တောင်းလေ့ရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေရဲ့ တံတားအဆင်းမှာ တားဆီးကာ ဆက်ကြေးတောင်းတဲ့ပိုက်ဆံကို မပေးရင် ခရီး ဆက်သွားခွင့်မရမှာနဲ့ လူကိုပါ ဖမ်းဆီးတာမျိုးတွေပြုလုပ်လာမှာဆိုးလို့ အထောက်အထားအပြည့်စုံပါပေမယ့် ခရီးသွားလာတဲ့ ယာဉ်မောင်းသူတွေက ဆက်ကြေးပေးနေရတယ်လို့ ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အထောက်အထားမပြည့်စုံတဲ့ အိမ်စီးကားတွေဆိုရင် ကားကို လမ်းဘေးချခိုင်းထားပြီး လူရှင်းတဲ့ အချိန်မှာ ခြိမ်းခြောက်တာတွေပြုလုပ်ကာ ၂ သိန်းကနေ ၅ သိန်းကြားတောင်းယူလေ့ရှိတယ်လို့ ဆိုပါတယ်။

ညောင်တုန်းမြို့နယ်မှာရှိတဲ့ ဗိုလ်မြတ်ထွန်းတံတားဟာ ရန်ကုန်တိုင်းကနေ ဧရာဝတီတိုင်းကိုလာတဲ့ လမ်းမှ တံတားဖြစ်တာကြောင့် မဖြစ်မနေဖြတ်သန်းသွားလာရတဲ့ တံတားဖြစ်ပြီး စစ်ကောင်စီတပ်သားတွေရဲ့ တနေ့ ဆက်ကြေးတောင်းငွေမှာ အားလုံးပေါင်းရင် ၂၅ သိန်းကနေ သိန်း ၁၀၀ ကြားရနိုင်တယ်လို့ ယာဉ်မောင်းသူတွေ ကခန့်မှန်းပြောဆိုပါတယ်။