ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃ ရက်
ယူကရိန်းနိုင်ငံ ရုရှားနိုင်ငံ၏ ကျူးကျော်မှုကိုကာကွယ်ရန်နဲ့ အကူအညီလိုအပ်တဲ့ပြည်သူတွေကို ပံ့ပိုးရန် ယူရို တစ်ဘီလီယံ ထောက်ပံ့မယ်လို့ နော်ဝေနိုင်ငံက ဇူလိုင်လ ၁ ရက်မှာ ကတိပြုခဲ့ပါတယ်။
ရုရှားနိုင်ငံရဲ့ ကျူးကျော်မှုကိုတွန်းလှန်နေတဲ့ ယူကရိန်းနိုင်ငံနဲ့ စည်းလုံးညီညွတ်မှုရှိတယ်ဆိုတာ ပြော ကြားလိုတယ်လို့ ကိယက်ဗ်မြို့တော်မှာ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ နော်ဝေဝန်ကြီးချုပ် ဂျိုးနပ်ဂါစတိုရီက ပြောကြားပါတယ်။
ယူကရိန်းနိုင်ငံရဲ့ တိုက်ပွဲဝင်မှုက ယူကရိန်းနိုင်ငံအတွက်သာမဟုတ်ပါဘူး။ ကျွန်တော်တို့ ကလေးငယ် တွေကိုပေးအပ်နေတဲ့ ကမ္ဘာကြီးရဲ့ အခြေခံစည်းမျည်းတွေလဲဖြစ်ပါတယ်။ ဥရောပတိုက်ရဲ့ လုံခြုံရေးအတွက်လဲ ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံရဲ့ ကံကြမ္မာလည်းဖြစ်ပါတယ် လို့ သူက ဆိုပါတယ်။
နော်ဝေနိုင်ငံက ယူကရိန်းကို ယူရို တစ်ဘီလီယံ ထောက်ပံ့မှာဖြစ်ပါတယ်။ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက် မှုက နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံက ကိုယ့်ကိုကိုယ် ခုခံကာကွယ်ပိုင်ခွင့်ရှိပြီး နော်ဝေနိုင်ငံကလည်း ယူကရိန်းနိုင်ငံကို ကူညီပိုင်ခွင့်ရှိပါတယ် လို့ ၄င်းက ပြောပါတယ်။
နော်ဝေနိုင်ငံက ဥရောပတိုက်ကို ဓာတ်ငွေ့ပေးပို့မှု တိုးမြှင့်လိုခြင်း ရှိ မရှိ မေးမြန်းရာမှာ နော်ဝေနိုင်ငံက ဓာတ်ငွေ့ အများဆုံးပမာဏ ထုတ်လုပ်နေပြီး ဓာတ်ငွေ့ထောက်ပံ့ဖို့ ဘာမဆိုလုပ်သွားမယ်လို့ စတိုရီက ဆိုပါ တယ်။
စစ်ပွဲ အဆုံးသတ်ရေးအတွက် ရုရှားနိုင်ငံအပေါ် ဖိအားပေးမှု ဆက်လက်ရှိနေဖို့ လိုအပ်တယ်လို့ ယူကရိန်း သမ္မတ ဇီလန်စကီးက ပြောပါတယ်။
ရုရှားနိုင်ငံက ကိုးထပ်အဆောက်အအုံကို ပစ်ခတ်ရာမှာ လေယာဉ်တင်သင်္ဘောတွေကို ပစ်ခတ်ဖို့ဒီဇိုင်း ထုတ်ထားတဲ့ ဆိုဗီယက်ခေတ် Kh-22 ဒုံးကျည်တစ်စင်းကို အသုံးပြုခဲ့တယ်လို့ ဇီလန်စကီးက ဆိုပါတယ်။
ပြည်သူ ၁၆ ဦး သေဆုံးခဲ့တယ်လို့ ယူကရိန်း တာဝန်ရှိသူတွေက ပြောကြားခဲ့တဲ့ အိုဒက်ဆာမြို့အနီး လူ နေအဆောက်အအုံတစ်လုံးကို ဇူလိုင်လ ၁ ရက် အစောပိုင်းက ရုရှားတပ်ဖွဲ့တွေရဲ့ ဒုံးကျည်နဲ့တိုက်ခိုက်မှုကို ဇီလန်စကီးက ပြောကြားတာဖြစ်ပါတယ်။
အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်တယ်ဆိုတာကို ရုရှားနိုင်ငံက ငြင်းဆန်ခဲ့ပါတယ်။ ရုရှားတပ်ဖွဲ့တွေ က ဆာဟီဗာကျေးရွာရှိ လူနေအဆောက်အအုံကို တိုက်ခိုက်ခဲ့ပါသလားလို့ မေးမြန်းရာမှာ ရုရှားသမ္မတရုံး ပြော ရေးဆိုခွင့်ရှိသူက ရုရှားတပ်ဖွဲ့တွေက အရပ်ဘက်ပစ်မှတ်တွေကို မတိုက်ခိုက်ပါဘူး ဆိုတဲ့ ရုရှားသမ္မတရဲ့ စကား ကိုပဲ ပြန်ပြောချင်ပါတယ် လို့ ဖြေပါတယ်။
ကိုးကား – Reuters
Ref; Norway Pledges 1 Billion Euros to Support Ukraine