ဧရာဝတီတိုင်းမ်
(သာယာဝတီ)၊ နိုဝင်ဘာလ ၃ ရက်
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်တွင် ယမန်နေ့ နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန်က ကြံ့ခိုင်ရေးအမတ်ဟောင်းဦးမောင်မောင်၏ တပည့်အရင်းဖြစ်သူ ပိုက်တင်အားပစ်သတ်ခဲ့ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ကိုးပင်ရိုးရွာတွင်နေထိုင်သော စစ်ကောင်စီသတင်းပေးကိုပိုက်တင်အား ၎င်းရွာအပြန်လမ်း ဇိမ်ဇာနှင့်စမ်းတွင်းရွာအကြားတွင် သာယာဝတီဂဠုန်တပ်ဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ကျောကုန်းနှင့်ရင်ဘတ် ကျည်ထိမှန်ဒဏ်ရာဖြင့် နေရာ၌ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။
“သေနတ်နဲ့ ၃ ချက်ပစ်ခတ်ခံရတယ်၊ ကျောကုန်းတချက်၊ ရင်ဘတ်တချက်နဲ့အခြားတချက်၊ အဲ့နေရာမှာဘဲပွဲချင်းပြီးသေသွားတယ်၊ သူကချဲဒိုင်၊ သတင်းပေးလဲလုပ်တယ်၊ စစ်ထွက်တစ်ဦးလည်းဖြစ်တယ်၊ ရွာမှာလည်းတော်တော်ဆိုးတယ်ဆိုပြီးတိုင်ခံရတာရှိတယ်” ဟု သာယာဝတီပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ သတင်းပေးကိုပိုက်တင်သည် သာယာဝတီမြို့နယ်အတွင်း တပ်ထောက်ခံပွဲများကို ဦးဆောင်နေသူဖြစ်ပြီးပျူစောထီးခေါင်းဆောင် အမတ်ဟောင်းဦးတင်တင်၏ လက်ရင်းတပည့်ဖြစ်ကြောင်း ၎င်း၏သတင်းပေးတိုင်ကြားမှုကြောင့် CDMကျောင်းဆရာမ ၂ ဦးဖမ်းဆီးခံရကြောင်း သာယာဝတီပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါပစ်ခတ်မှုအား သာယာဝတီဂဠုန်တပ်ဖွဲ့မှ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ ၁၉ ရက်ကလည်း သုံးဆယ်မြို့နယ်၊ အနောက်လက်ပံခုန်ရပ်ကွက် အုပ်ချုပ်ရေးမှူးလင်မယားအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သေးကြောင်း သိရသည်။
#သာယာဝတီ #ပျူစောထီး #ကြံ့ခိုင်ရေး #လက်ရင်းတပည့်
#Ayeyarwaddy_Times