ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၃ ရက်
ဧရာ၀တီတိုင်း ပုသိမ်အကျဥ်းထောင်မှာ ထောင်၀င်စာပေးပို့မှုကို ရက်အကန့်သတ်မရှိပိတ်ထားခဲ့ရာက နို၀င်ဘာလ ၁ ရက်နေ့ကစတင်ပြီး ကန့်သတ်ချက်အချို့နဲ့ ပြန်လည်ပေးပို့ခွင့်ရပြီလို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“စည်းကမ်းချက်အသစ်တွေထုတ်ထားတယ်။ ထောင်၀င်စာနဲ့ပတ်သတ်ပြီး ခုလက်ခံတဲ့နေရာကို ထောင်၀န်းထဲမှာမဟုတ်တော့ဘူး။ ခုထောင်ပြင်မှာ လက်ခံမယ့်နေရာရှိမယ်ပို့တဲ့အထုပ်တွေကိုတစ်ခုခြင်းသေချာရှာတယ်။ လာပို့တဲ့လူရဲ့ မှတ်ပုံတင်၊လိပ်စာ၊ဖုန်းနံပါတ်အကုန်စစ်ပြီးမှပို့ရမယ်”လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ထောင်၀င်စာပေးပို့မှု ကန့်သတ်ချက်အဖြစ်အမိန့်ကျပြီးသား ထောင်ကျများကို
ပေးပို့ခွင့် တစ်လကို ၂ ကြိမ်၊ တရားရင်ဆိုင်ဆဲ အချုပ်ထောင်သမားများကို
တစ်လကို လေးကြိမ်သာ ပေးပို့ရမှာဖြစ်ပြီး ယခင်က တစ်ဦးကို ဟင်းဘူး၅ဘူးအစား ၃ ဘူး နဲ့ ကော်ဖိီမစ်အထုပ်ကြီးတစ်ထုပ်အစား အသေး ၁၀ ထုပ်အထိ ကန့်သတ်လျော့ချလိုက်တယ်လို့ သိရပါတယ်။
ထောင်၀င်စာပေးပို့မှုကို အမိန့်မချရသေးတဲ့ အချုပ်ထောင်သမားများအတွက်အဂ်ါ၊ကြာသပတေး၊စနေ (၃) ရက်သတ်မှတ်ထားပြီး အမိန့်ချပြီးသား ထောင်ကျများအတွက်ဗုဒ္ဓဟူးနဲ့သောကြာ (၂) ရက် သတ်မှတ်ထားတာဖြစ်ပါတယ်။
ပုသိမ်အကျဥ်းထောင်မှာ စစ်ကောင်စီကမတရားစွပ်စွဲဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဥ်းသားတွေ အနေနဲ့ မိသားစုတွေက ပို့တဲ့ထောင်၀င်စာအစားအသောက်တွေကို မျှဝေစားသုံးနေရတာဖြစ်ပြီတဲ့နိုင်ငံရေးအကျဥ်းသားအများစုဟာခုလိုကန့်သတ်လိုက်တာကြောင့်အခက်တွေ့နေရတယ်လို့ မိသားစုနဲ့နီးစပ်သူအချို့က ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့မှာအင်းစိန်ထောင် ထောင်၀င်စာရုံးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် နေ့လည်ပိုင်းကစတင်ကာ ပုသိမ်ထောင်မှာ ထောင်၀င်စာပေးပို့မှုကို ရက်အကန့်သတ်မရှိပိတ်သိမ်းဖို့ အကျဥ်းဦးစီးဌာနကအမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။
ပုသိမ်အကျဥ်းထောင်မှာ ပုသိမ်ခရိုင်အတွင်းမှ နိုင်ငံရေးအကျဥ်းသား အမျိုးသား ၃၀၀ကျော်နဲ့နှအမျိုးသမီး ၇၀ကျော်ခန့် ရှိနေပြီး နိုင်ငံရေးအကျဥ်းသားများအနက် ထောင်တွင်းတရားရုံးမှ ထောင်ဒဏ်ချမှတ်ခြင်းကိုခံရတဲ့နိုင်ငံရေးအကျဥ်းသား ၁၀၀ကျော်အထိရှိပြီလို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူများထံကသိရပါတယ်။
#ပုသိမ် #အကျဥ်းထောင် #ထောင်ဝင်စာ
#Ayeyarwaddy_Times