ဆောင်းပါးရှင်-မောင်ဖြူဖွေး
(ဧရာ၀တီတိုင်းမ်၊ နိုဝင်ဘာ ၁ ရက်)

တရုတ်နိုင်ငံ၏ နိုင်ငံရေး ထိန်းချုပ်နိုင်မှုကို ကွန်မြူနစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်များထံ ဗဟိုပြု စုစည်းထားသည့် အာဏာ၏ ပမာဏဖြင့် တိုင်းတာလေ့ ရှိကြသည်။ သို့သော် အဆိုပါ အာဏာ၏ ရေရှည် ခိုင်မြဲမှုမှာမူ အောက်ခြေ အုပ်ချုပ်ရေး အဆင့်ဆင့်ပေါ်တွင်သာ မူတည်နေသည်။ ပြည်သူ့ဘဏ္ဍာနှင့် အရင်းအမြစ်များကို စီမံခန့်ခွဲခြင်း၊ ဗဟို၏ ညွှန်ကြားချက်များကို အကောင်အထည်ဖော်ခြင်းနှင့် နိုင်ငံရေး ဦးစားပေးမူဝါဒများကို လက်တွေ့ အုပ်ချုပ်ရေးလုပ်ငန်းများအဖြစ် ပြောင်းလဲပေးနေရသူ များမှာ အောက်ခြေ အရာရှိများဖြစ်သောကြောင့် ဖြစ်သည်။

ပေကျင်း၏ အောက်ခြေအုပ်ချုပ်ရေး ယန္တရားကို ပါတီက မည်သို့ ထိန်းချုပ်ကိုင်တွယ်ရန် ကြိုးပမ်း နေသည်ဆိုသည့် အခြေအနေကို လတ်တလော အခြေအနေများက အရိပ်အမြွတ် ဖော်ပြနေသည်။

ကျယ်ပြန့်လာသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး စစ်ဆင်ရေး၊ ပေကျင်း ဒုတိယမြို့တော်ဝန် တရားစွဲဆိုခံရမှုနှင့် ယူနန်ပြည်နယ် ပါတီအတွင်းရေးမှူးအဖြစ် ဝါရင့် ဝါဒဖြန့်ချိရေး အရာရှိတစ်ဦးအား ခန့်အပ်လိုက်မှုတို့က တရုတ်အရာရှိများအပေါ် ထားရှိသည့် ပါတီ၏ မျှော်လင့်ချက်နှင့် စံနှုန်းများ ပြောင်းလဲလာသည်ကို ညွှန်ပြနေသည်။ အုပ်ချုပ်ရေးဆိုင်ရာ ကျွမ်းကျင်မှုသည် အရေးပါဆဲ ဖြစ်သော် လည်း စည်းကမ်း ထိန်းသိမ်းရေး၊ သစ္စာစောင့်သိမှုနှင့် ပါတီ၏ အုပ်ချုပ်ရေးယန္တရားတစ်ခုလုံးကို ပိုမို တင်းကျပ်စွာ ထိန်းချုပ်နိုင်ရေးတို့အပေါ် အလေးပေးလာသည့် စနစ်တစ်ခုအောက်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

🟥ကျယ်ပြန့်လာသည့် နိုင်ငံရေး စည်းကမ်း ထိန်းသိမ်းရေး

တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အရှိန်အဟုန်သည် ပိုမို မြင့်မားလာခဲ့သည်။ Caixin Global သတင်း၏ ဖော်ပြချက်အရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လတာကာလ အတွင်း စည်းကမ်းထိန်းသိမ်းရေးနှင့် စုံစမ်းစစ်ဆေးရေး အာဏာပိုင်များသည် အမှုပေါင်း ၈၀၀,၀၀၀ ကို စုံစမ်းစစ်ဆေးခဲ့ပြီး အရာရှိ ၆၈၀,၀၀၀ ကို အရေးယူ အပြစ်ပေးခဲ့သည်။

ယင်းစုံစမ်းစစ်ဆေးမှုများသည် ပြည်နယ်နှင့် ဝန်ကြီးအဆင့် အရာရှိကြီးများမှစ၍ မြို့နယ်နှင့် ကျေးရွာပါတီ အတွင်းရေးမှူးများအထိ အုပ်ချုပ်ရေးအဆင့်ဆင့်သို့ လွှမ်းမိုးသွားခဲ့သည်။ စုံစမ်းစစ်ဆေး ခံရသူများအနက် ပြည်နယ်နှင့် ဝန်ကြီးအဆင့် သို့မဟုတ် ယင်းထက်မြင့်သော အရာရှိကြီး ၇၃ ဦး ပါဝင်ပြီး အဆိုပါအဆင့်ရှိ အရာရှိ ၁၀၅ ဦး ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး တင်းကျပ်လာမှုသည် အဆန်းတကြယ်တော့ မဟုတ်ပေ။ ရှီကျင့်ဖျင် အာဏာရရှိလာချိန် ၂၀၁၂ ခုနှစ်မှစ၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး စစ်ဆင်ရေးများသည် အစိုးရ ဌာနများ၊ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များထံ ဦးတည်ခဲ့သည်။ ထို့ကြောင့် အဂတိတိုက်ဖျက်ရေးသည် ပြီးဆုံးလုနီးပါးဖြစ်နေသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတစ်ခု မဟုတ်ဘဲ ပါတီအုပ်ချုပ်ရေး၏ အဓိက လက်နက်တစ်ခုအဖြစ် ဆက်လက် တည်ရှိနေဆဲဖြစ်ကြောင်း သက်သေပြနေသည်။

အဂတိလိုက်စားမှုသည် တရုတ်နိုင်ငံအတွက် အမှန်တကယ် ကြီးမားသည့် ပြဿနာဖြစ်သည်။ ယင်းသည် အစိုးရ၏ ဝယ်ယူရေးလုပ်ငန်းများကို လွဲမှားစေခြင်း၊ အရင်းအမြစ်များကို လမ်းလွှဲပေးခြင်း၊ စည်းမျဉ်းဥပဒေ စိုးမိုးမှုကို လျှော့တွက်စေခြင်းနှင့် မဟာမိတ်ကွန်ရက်များက တရားဝင် ဆုံးဖြတ်ချက် များပေါ် လွှမ်းမိုးခွင့် ရရှိစေသည်။

ပါတီက ပြည်သူ့အဖွဲ့အစည်းများကို ကျယ်ပြန့်စွာ ထိန်းချုပ်ထားသည့် နိုင်ငံရေးစနစ်တွင် ပါတီဝင်များ၏ အကျင့်ပျက်ခြစားမှုသည် ပြည်သူ့အကျိုးစီးပွားအတွက် အုပ်ချုပ်နေသည်ဟု ကြွေးကြော်ထားသော ပါတီ၏မှုဝါဒကိုလည်း ခြိမ်းခြောက်လျက်ရှိသည်။ ထို့ကြောင့် အဆင့်ဆင့်သော အရာရှိများကို စုံစမ်း စစ်ဆေးနိုင်သည့် စည်းကမ်းထိန်းသိမ်းရေး ယန္တရားသည် လက်တွေ့ကျသော ရည်ရွယ်ချက်ကို အကောင် အထည်ဖော်နေခြင်းပင် ဖြစ်သည်။

တရုတ်အစိုးရ၏ အရေးယူမှု ကိန်းဂဏန်းများအတိုင်း ကြည့်ရုံဖြင့် အဂတိလိုက်စားမှု ကျဆင်းသွားပြီး ပြည်သူများအပေါ် ပိုမို တာဝန်ယူမှု ရှိလာသည်ဟု မဆုံးဖြတ်နိုင်ပေ။ အမှုအရေအတွက် များပြား လာခြင်းသည် အကျင့်ပျက်ခြစားမှု များပြားခြင်းနှင့် အရေးယူမှု ပိုမို တင်းကျပ်လာခြင်းတို့ကြောင့် ဖြစ်နိုင်သည်။ ပြစ်မှုဆိုင်ရာ နောက်ခံအချက်အလက်များ၊ စုံစမ်းစစ်ဆေးမှု ရလဒ်များနှင့် အကျင့်ပျက် ခြစားမှု ဖြစ်ပွားခြင်းတို့အပေါ်တွင် ပွင့်လင်းမြင်သာမှု မရှိဘဲ ကိန်းဂဏန်းများဖြင့်သာ ပုံဖော်သည့် စစ်ဆင်ရေး၏ ထိရောက်မှုကို တိုင်းတာရန် ခက်ခဲလှပေသည်။

အဆိုပါနေရာတွင် စစ်ဆင်ရေး၏ နိုင်ငံရေးသဘောသဘာဝသည်လည်း အရေးပါလာသည်။ အဂတိ တိုက်ဖျက်ရေးသည် မမှန်မကန် လုပ်ဆောင်မှုများကို ဖော်ထုတ်ရုံ သက်သက်မဟုတ်ဘဲ ပါတီက ၎င်းတို့၏ ကေဒါအရာရှိများကို ကြီးကြပ်ရန်၊ အဖွဲ့အစည်းဆိုင်ရာ စည်းကမ်းများကို တင်းကျပ်ရန်နှင့် အရာရှိများ၏ ရာထူးသည် ခေါင်းဆောင်များအပေါ်၌သာ မူတည်ကြောင်း သတိပေး သည့် ပုံစံတစ်ခုပင် ဖြစ်သည်။

🟥ပေကျင်းဒုတိယမြို့တော်ဝန် ရှာလင်မောက်နှင့် တာဝန်ခံမှု ပြဿနာ

ပေကျင်းဒုတိယမြို့တော်ဝန် ရှာလင်မောက် (Xia Linmao) ကို စုံစမ်းစစ်ဆေးမှုသည် ယင်းစနစ်ကို ပိုမို ထင်ရှားစေသည်။ အောက်တိုဘာ ၂၂ ရက်တွင် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုစည်းကမ်းစစ်ဆေးရေး ကော်မရှင်နှင့် အမျိုးသား စုံစမ်းစစ်ဆေးရေး ကော်မရှင်တို့က ပေကျင်းမြို့၏ အမှုဆောင် ဒုတိယမြို့တော်ဝန် ရှာလင်မောက်ကို ကြီးလေးသည့် စည်းကမ်းနှင့် ဥပဒေများကိုချိုးဖောက်သည်ဟု သံသယရှိသဖြင့် စုံစမ်းစစ်ဆေးနေကြောင်း ကြေညာခဲ့သည်။ ရှာသည် ၂၀၂၆ ခုနှစ်အတွင်း ဗဟိုက တိုက်ရိုက်ထိန်းချုပ်သည့် အရာရှိများအနက် ၅၆ ဦးမြောက် စုံစမ်းစစ်ဆေးခံရသူ ဖြစ်လာခဲ့သည်။

ရှာလင်မောက်၏ လုပ်သက်ဘဝသည် အဆိုပါအမှုကို ပိုမို သတိပြုစရာ ဖြစ်စေသည်။ မြို့ပြစီမံကိန်း ဘာသာရပ်ကို လေ့လာခဲ့သူ ရှာသည် ပေကျင်းမြို့တော် ခေါင်းဆောင်ပိုင်းသို့ မဝင်ရောက်မီ ခရိုင်အဆင့် ရာထူးအသီးသီးကို ထမ်းဆောင်ခဲ့ဖူးသည်။ နောက်ပိုင်းတွင် ပေါင်းစပ်ရင်းနှီးမြှုပ်နှံမှုနှင့် ရေရှည် စီမံကိန်းများ ပါဝင်သည့် ပေကျင်း၏ မြို့တော်ခွဲ စီမံကိန်းကြီးကို ကြီးကြပ်ခဲ့သည်။ ၎င်း၏ ရာထူး တိုးတက်မှု လမ်းကြောင်းသည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့ပြစီမံခန့်ခွဲမှု အတွေ့အကြုံ များမှတစ်ဆင့် ရာထူးတက်လာသည့် အရာရှိတစ်ဦး၏ ပုံစံကို ဖော်ပြနေသည်။

ရှာအား စုံစမ်းစစ်ဆေးမှုသည် ယခင်တာဝန်ယူခဲ့သော လုပ်ငန်းများနှင့် သက်ဆိုင်သည်ဟု အာဏာပိုင် များက တရားဝင် အသေးစိတ် ထုတ်ပြန်ခြင်းမရှိသေးသဖြင့် ၎င်း၏ ရာထူးမှထုတ်ပယ်ခံရသည် အကြောင်းအရင်းမှာ ကောက်ချက်ဆွဲရန် စောလွန်းနေသေးသည်။ သို့သော် ယခုအမှုက ပြသနေသည်မှာ ရာထူးကြီးမြင့်မှုနှင့် လုပ်သက်ကြာရှည်မှုတို့သည် စည်းကမ်းစစ်ဆေးရေး၏ လက်တံများမှ ကင်းလွတ် ခွင့် မရနိုင်ဆိုသည့် အချက်ပင် ဖြစ်သည်။

ထို့ကြောင့် တရုတ် ဗျူရိုကရေစီ ယန္တရားအတွင်း တာဝန်ယူမှုနှင့် စွန့်စားရမှုအကြား ဆက်နွှယ်လျက် ရှိသည်။ ဒေသဆိုင်ရာနှင့် မြို့တော်ဝန် အရာရှိများသည် စီးပွားရေး တိုးတက်မှုရရှိရန်၊ ပြည်သူ့ ရင်းနှီးမြှုပ်နှံမှုများကို စီမံခန့်ခွဲရန်၊ ဗဟိုမူဝါဒများကို အကောင်အထည်ဖော်ရန်နှင့် နိုင်ငံရေး တည်ငြိမ်မှုကို ထိန်းသိမ်းရန် မျှော်လင့်ခံရသည်။ အထူးသဖြင့် မြေယာဖွံ့ဖြိုးရေး၊ အခြေခံအဆောက် အအုံနှင့် အစိုးရဝယ်ယူရေးကဲ့သို့သော ငွေကြေးပမာဏ ကြီးမားသည့် ကဏ္ဍများတွင် လုပ်ပိုင်ခွင့် အာဏာများစွာ ရရှိကြသည်။

အဆိုပါ လုပ်ပိုင်ခွင့်သည် ထိရောက်သော အုပ်ချုပ်ရေးကို ဖြစ်စေနိုင်သကဲ့သို့ အလွဲသုံးစားပြုလုပ်ရန် အခွင့် အရေးများကိုလည်း ဖန်တီးပေးသည်။ ပါတီ၏ တုံ့ပြန်မှုမှာ ကြီးကြပ်မှုကို တင်းကျပ်ရန်နှင့် အမှားအယွင်းများအတွက် ပြစ်ဒဏ်များကို တိုးမြှင့်ရန်ဖြစ်သည်။ သို့သော်လည်း တင်းကျပ်လွန်းသော ကြီးကြပ်မှုသည် အရာရှိများ၏ လုပ်ငန်းဆောင်ရွက်ပုံ ပုံစံကို ပြောင်းလဲသွားစေနိုင်သည်။

🟥ဝါဒဖြန့်ချိရေး အရာရှိက ယူနန်ပြည်နယ်ကို ဘာလို့ ဦးဆောင်ရသလဲ

မော့ကောက်ယိ (Mo Gaoyi) အား ယူးနန်ပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူးအဖြစ် ခန့်အပ်လိုက်မှုသည် ဤဆွေးနွေးချက်တွင် အခြားသော အကဲဖြတ်စရာ နယ်ပယ်တစ်ခုကို တိုးပွား စေသည်။ အောက်တိုဘာ ၂၄ ရက်တွင် ကြေညာခဲ့သည့် အဆိုပါ ခန့်အပ်မှုသည် ဒေသတွင်း အုပ်ချုပ်ရေး အတွေ့အကြုံ အကန့်အသတ်သာရှိသော ဝါရင့် ဝါဒဖြန့်ချိရေး အရာရှိတစ်ဦးကို ပြည်နယ်တစ်ခု၏ ခေါင်းဆောင်အဖြစ် တာဝန်ပေးလိုက်ခြင်း ဖြစ်သည်။

မော့သည် ယခင်က နိုင်ငံတော်ကောင်စီ သတင်းအချက်အလက်ရုံးကို ညွှန်ကြားခဲ့ပြီး ဗဟိုဝါဒ ဖြန့်ချိရေးဌာန၏ ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းသည် အစိုးရ ပြန်ကြားရေး၊ မီဒီယာ စီမံခန့်ခွဲမှုနှင့် တရုတ်၏ တရားဝင် ရပ်တည်ချက်များအား ပြည်တွင်းပြည်ပသို့ ထုတ်လွှင့်သည့် လုပ်ငန်းများတွင်သာ ဖြတ်သန်းခဲ့ရသည်။ ထိုကဲ့သို့သော နောက်ခံမှ ပြည်နယ်ပါတီ ခေါင်းဆောင်အဖြစ် ပြောင်းလဲလာခြင်းသည် သတိပြုစရာဖြစ်သည်။ အစိုးရ ပြန်ကြားရေး၊ မီဒီယာ စီမံခန့်ခွဲသူနှင့် ပြည်နယ်တစ်ခု၏ စီးပွားရေး၊ ပြည်သူ့ဝန်ဆောင်မှုများနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကြီးကြပ်ခြင်းသည် သဘောသဘာဝခြင်း မတူညီပေ။

သို့သော်လည်း အဆိုပါ ခန့်အပ်မှုတွင် ပိုမိုကျယ်ပြန့်သည့် နိုင်ငံရေး အပေး အယူ ရှိနိုင်သည်။ ယူနန် ပြည်နယ်သည် မြန်မာ၊ လာအို၊ ဗီယက်နမ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသဖြင့် အရှေ့တောင်အာရှနှင့် ဆက်ဆံရေး၊ နယ်စပ်ကုန်သွယ်ရေးနှင့် ဒေသတွင်း ချိတ်ဆက်မှုများအတွက် ဗျူဟာမြောက် အရေးပါသော ပြည်နယ်ဖြစ်သည်။ ၎င်းတို့၏ အုပ်ချုပ်ရေးတွင် ရိုးရာ စီးပွားရေး စီမံခန့်ခွဲမှုထက် ကျော်လွန်သည့် ကိစ္စရပ်များ ပါဝင်နေသည်။ ဗဟို၏ မူဝါဒများကို အကောင်အထည်ဖော်ရင်း ပါတီ၏ နိုင်ငံရေး ရည်မှန်းချက်များကို ပြည်သူထံ စနစ်တကျ ထုတ်လွှင့်ပြောဆိုနိုင်သည့် အရာရှိများကို စေလွှတ်ရန် ပေကျင်းက စိတ်ဝင်စားလျက် ရှိသည်။

ထို့ကြောင့် မော့၏ ခန့်အပ်မှုသည် ပြည်နယ်ခေါင်းဆောင်မှုတွင် လိုအပ်သည့် အရည်အချင်း ပုံစံ ပြောင်းလဲလာမှုကို ပြသနေပေမည်။ နိုင်ငံရေး ဆက်သွယ်ပြောဆိုမှုသည် သတင်းစာရှင်းလင်းပွဲများ သို့မဟုတ် မီဒီယာများကို စီမံခန့်ခွဲခြင်းတွင် ရပ်တန့်မနေတော့ဘဲ မူဝါဒများကို သုံးသပ်ခြင်း၊ အကဲဆတ်သည့် ကိစ္စရပ်များကို ကိုင်တွယ်ခြင်းနှင့် ပါတီ၏ အာဏာစက်ကို ပုံဖော်ခြင်းတို့နှင့် တိုက်ရိုက် ဆက်နွှယ်နေသည်။

သို့သော် မော့အား ရွေးချယ်ခဲ့ခြင်းသည် ဝါဒဖြန့်ချိရေး အတွေ့အကြုံတစ်ခုတည်းကြောင့်ဟု မယူဆနိုင်ပေ။ သို့သော်လည်း မည်သည့် ကျွမ်းကျင်မှုအမျိုးအစားကို ပိုမို အလေးပေးလာသနည်း ဆိုသည့် မေးခွန်းကို ဖြစ်ပေါ်စေသည်။ ပြည်နယ်ပါတီ အတွင်းရေးမှူးတစ်ဦးသည် မူဝါဒများကို ထိရောက်စွာ ပြောဆိုရုံထက်မက ဒေသတွင်း အခြေအနေများကို သုံးသပ်နိုင်ခြင်း၊ ပြဿနာများကို ဖြေရှင်းနိုင်ခြင်းနှင့် မီဒီယာဖြင့် ဖြေရှင်း၍ မရနိုင်သော လုပ်ငန်းများကိုပါ ကိုင်တွယ်နိုင်ရမည် ဖြစ်သည်။

🟥ဗဟိုမှ ထိန်းချုပ်မှု၏ အကန့်အသတ်များ

ယခု ဖြစ်ပေါ်မှု သုံးခုစလုံးသည် တရုတ်နိုင်ငံရေးစနစ်အတွင်းရှိ ပဋိပက္ခကို ညွှန်ပြနေသည်။ ပါတီသည် မူဝါဒများကို အကောင်အထည်ဖော်နိုင်သည့် အရာရှိများကို လိုချင်သကဲ့သို့ ယင်းအရာရှိများသည်လည်း နိုင်ငံရေးအရ သစ္စာစောင့်သိပြီး ဗဟို၏ ကြီးကြပ်မှုအောက်တွင် ရှိနေစေရန်လိုသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည် ကိုယ်ကျိုးရှာမှုနှင့် အာဏာအလွဲသုံးစားမှုများကို ဖြေရှင်းပေးပြီး ဝါရင့် အရာရှိများကို စုံစမ်းစစ်ဆေးခြင်းသည် စည်းကမ်းချိုးဖောက်မှု၏ အကျိုးဆက်များကို ပိုမို ထင်ရှား စေသည်။

အဆိုပါအချက်များသည် အပြန်အလှန် ဆက်စပ်နေသော်လည်း အစားထိုး၍ မရနိုင်ပေ။ စည်းကမ်း ထိန်းသိမ်းရေးသည် အကျင့်ပျက် အရာရှိများကို ဖယ်ရှားနိုင်သော်လည်း ၎င်းတို့နေရာတွင် အစားထိုးသူများသည် ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်ဟု အာမမခံနိုင်ပေ။ နိုင်ငံရေးအရ သစ္စာရှိမှုသည် ဗဟို၏ ညွှန်ကြားချက်များကို လိုက်နာစေနိုင်သော်လည်း လက်တွေ့ အကောင်အထည်ဖော်ရန် လိုအပ်သည့် ဒေသတွင်း အသိပညာကို အလိုအလျောက် မပေးစွမ်းနိုင်ပေ။

တရုတ်နိုင်ငံ၏ လတ်တလော အရာရှိပိုင်း အပြောင်းအလဲများသည် အဖြေတစ်ခုတည်းကို မပေးနိုင် သော်လည်း ပါတီ၏ အုပ်ချုပ်ရေးတွင် ပြည်တွင်း ထိန်းချုပ်မှု၏ အရေးပါပုံကို ပြသနေသည်။ အရာရှိကြီးများကို စုံစမ်းစစ်ဆေးခြင်းက စည်းကမ်း ထိန်းသိမ်းရေး ယန္တရားသည် သက်ဝင်လှုပ်ရှား နေဆဲဖြစ်ကြောင်း ပြသနေသကဲ့သို့ မော့ကောက်ယိကို ခန့်အပ်ခြင်းက ပေကျင်းသည် ပိုမို ကျယ်ပြန့်သော ခေါင်းဆောင်မှု တာဝန်များအတွက် သီးသန့် နိုင်ငံရေး အတွေ့အကြုံများအပေါ် အသုံးချရန် ဆန္ဒရှိကြောင်း ပြသနေသည်။

အချုပ်အားဖြင့်ဆိုသော် အရာရှိများကို စုံစမ်းစစ်ဆေးနိုင်ခြင်းနှင့် နိုင်ငံရေး စည်းကမ်း တင်းကျပ် နိုင်ခြင်းကို ထိရောက်သော အုပ်ချုပ်ရေးဟု မယူဆသင့်ပေ။ အာဏာကို ဗဟိုပြု စုစည်းပြီး သီးခြား လွတ်လပ်စွာ ဆုံးဖြတ်နိုင်သည့် အခွင့်အရေးကို ပိတ်ပင်ခြင်းဖြင့် ပေကျင်းသည် ပြဿနာများကို ဖြေရှင်းရေးထက် နိုင်ငံရေးအရ အမှားအယွင်း မရှိစေရေးကိုသာ ပိုမို အာရုံစိုက်မည့် ဗျူရိုကရေစီ ယန္တရားတစ်ခု ဖြစ်လာစေရန် တွန်းအားပေးသကဲ့သို့ ဖြစ်နေသည်။

ပါတီက အရာရှိများကို ပိုမို တင်းကျပ်စွာ ထိန်းချုပ်လေလေ၊ ညွှန်ကြားချက်အတိုင်း လိုက်နာမှုသည် ကျွမ်းကျင်မှု၏ အစားထိုးတစ်ခု ဖြစ်လာနိုင်ခြေ ပိုများလေလေဖြစ်ရာ စနစ်ကြီးအနေဖြင့် မြေပြင်လက်တွေ့ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း လျော့နည်းသွားစေနိုင်သည့် အန္တရာယ် ရှိနေပေသည်။

(ဆောင်းပါးရှင် မောင်ဖြူဖွေးသည် အာရှ-ပစိဖိတ်ရေးရာများကို လေ့လာစောင့်ကြည့်နေသော သုတေသီတစ်ဦး ဖြစ်ပါသည်။ ယခုဆောင်းပါးသည် စာရေးသူ၏ သီးခြားအမြင်သာဖြစ်ပြီး ဧရာ၀တီတိုင်းမ် သတင်းဌာန၏ အာဘော် မဟုတ်ကြောင်း စာဖတ်ပရိသတ်များအား လေးစားစွာတင်ပြအပ်ပါသည်။)